တနင်္သာရီသဘာဝကြိုးဝိုင်း ထိန်းသိမ်းနိုင်ရေး ဒေသခံများကို အစုအဖွဲ့ပိုင် သစ်တောများတည်ထောင်ပေး

တနင်္သာရီသဘာဝကြိုးဝိုင်း ထိန်းသိမ်းနိုင်ရေး ဒေသခံများကို အစုအဖွဲ့ပိုင် သစ်တောများတည်ထောင်ပေး

 

မန္တလေး၊ဇန်နဝါရီ ၆ ။                ။ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းအနေဖြင့် သဘာဝပတ်ဝန်းကျင်၊တိရစ္ဆာန်များ ပျက်စီးယိုယွင်းမှု လျှော့နည်းသက်သာစေရေးနှင့်ပင်မဧရိယာ ထိန်းသိမ်းနိုင်ရေးအတွက် ဒေသခံပြည်သူလူထုကို နှစ်စဉ် ပျိုးပင် ရ၀၀၀၀ဖြန့်ဝေပေးခြင်းနှင့်အစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်ပေးလျှက်ရှိသည်ဟု တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်လှိုင်ဝင်းက ပြောသည်။

"ဘာဖြစ်လို့လဲဆိုရင် ဒေသခံပြည်သူတွေဟာ ဒီသဘာဝသစ်တောကြီးပေါ်ကို မှီခိုအားထားနေရတာဖြစ်တဲ့အတွက် သူတို့မှီခိုမှုများလာလေ သဘာဝအနေအထား၊သဘာဝကြိုးဝိုင်း ထိခိုက်ပျက်စီးမှုတွေရှိလာပါတယ်။ဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာ ဒေသခံပြည်သူတွေ လူနေမှုဘဝမြှင့်တင်ရေးအတွက် အဖက်ဖက်က စီမံကိန်းခွင့်ပြုချက်ဘောင်ထဲက   ဆောင်ရွက် ကူညီပေးလျှက်ရှိပါတယ်"ဟု ဦးချစ်လှိုင်ဝင်းကပြောသည်။

တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းအနေဖြင့် ဖြန့်ဝေပြီးသော ပျိုးပင်များစိုက်ပျိုးထားမှု အခြေအနေများနှင့် တည်ထောင်ပေးထားသော အစုအဖွဲ့ပိုင် သစ်တောများ၏ ရှင်သန်မှုကိုလည် စစ်ဆေးပြီး လိုအပ်သည့်များဆက်လက်ပ့ံပိုးပေးသွားသည်ဟု ဦးချစ်လှိုင်ဝင်းကဆိုသည်။

ဦးချစ်လှိုင်ဝင်းက"ကျွန်တော်တို့အနေနဲ့ကတော့ တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်းအနေနဲ့ ဖြန့်ဝေပေးရုံသာမကဘဲနဲ့နှစ်စဉ်စိုက်ပျိုးပြီးတဲ့စိုက်ခင်းတွေ စိုက်ပျိုးပင်တွေကို ကျွန်တော်တို့အနေနဲ့ ရှင်သန်မှုကောင်းမကောင်း ပြန်လည်ဖာထေး စိုက်ပျိုးရန်လိုမလို ဆိုတာတွေကို နှစ်စဉ် စစ်ဆေးကြီးကြပ်ဆောင်ရွက်လျှက်ရှိပါတယ်"ဟုပြောသည်။

တနင်္သာရီသဘာဝကြိုးဝိုင်းသည် မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး မြောက်ပိုင်းဒေသ၊ရေဖြူမြို့နယ်တွင် တည်ရှိပြီး ၄၂၀၀၇၇ ဧကရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required