ရတနာပုံ တက္ကသိုလ်မှ ဖမ်းဆီးခံ ကျောင်းသားများ စာမေးပွဲဖြေရန် အာမခံလျှောက် ထားမှု ပယ်ချလိုက်ခြင်းကြောင့် အစာငတ်ခံ ဆန္ဒပြမည်

ရတနာပုံ တက္ကသိုလ်မှ ဖမ်းဆီးခံ ကျောင်းသားများ စာမေးပွဲဖြေရန် အာမခံလျှောက် ထားမှု ပယ်ချလိုက်ခြင်းကြောင့် အစာငတ်ခံ ဆန္ဒပြမည်

ရတနာပုံတက္ကသိုလ်မှ ဖမ်းဆီးခံကျောင်းသားများ စာမေးပွဲဖြေဆိုခွင့်ရရှိရန် အာမခံလျှောက် ထားမှုကို သြဂုတ် ၂၁ ရက်တွင် အမရပူရမြို့နယ် တရားရုံးက ပယ်ချလိုက်ခြင်းကြောင့် ဖမ်းဆီးခံကျောင်းသားများ ကအကျဉ်းထောင်ထဲတွင် အစာငတ်ခံ ဆန္ဒပြသွားမည်ဟု ဖမ်းဆီးခံထားရသူ ရတနာပုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေ က ပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသော ကျောင်းသားများသည် ရတနာပုံ တက္ကသိုလ်ရှေ့တွင် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်က ဒီမိုကရေစီ ပင်မသပိတ်စစ်ကြောင်း ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခြင်းနှင့်ကျောင်းရှေ့နံရံများနှင့် မုခ်ဦးများတွင် အစိုးရ ဆန့်ကျင်သောစာများကို မှုတ်ဆေးများနှင့် ရေးသား ခဲ့ခြင်းကြောင့် ဇူလိုင် ၁ ရက်တွင် ကိုနိုင်ရဲဝေ၊ ကိုဂျစ်တူး၊ ကိုဉာဏ်လင်းထက်၊ ကိုအောင်ဆန်းဦးတို့ကို အမရပူရမြို့နယ် ရဲတပ်ဖွဲ့က ပုဒ်မ ၁၄၄၊ ၁၄၃၊ ၁၄၇၊ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲဆို ဖမ်းဆီး ထားခြင်း ဖြစ်ကာ ဇူလိုင်  ၁၅ ရက်တွင် ရုံးတင် စစ်ဆေးခဲ့သည်။

သြဂုတ် ၂ ရက်တွင် ဒုတိယရုံးချိန်းနှင့် သြဂုတ်  ၁၉ ရက်တွင် တတိယရုံးချိန်းအဖြစ် စစ်ဆေး ခဲ့ရာ ထိုနေ့တွင် စာမေးပွဲဖြေဆိုရန် အာမခံ လျှောက်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၁ ရက်တွင် အာမခံလျှောက် ထားခြင်းကို မြို့နယ်တရားရုံးက ပယ်ခဲ့ခြင်း ဖြစ်သည်။

ကိုနိုင်ရဲဝေက “တရားဥပဒေအထက်မှာ အာဏာပိုင်အဖွဲ့ ရှိနေတယ်။ ဒါကြောင့် ကျွန်တော်တို့ ကို စာမေးပွဲဖြေဖို့ အာမခံမပေးတာပဲ။ ဒါကြောင့် ကျွန်တော်တို့ အစာငတ်ခံ ဆန္ဒပြသွားမယ် ” ဟု ပြောသည်။
ဆက်လက်၍ ကိုနိုင်ရဲဝေက “ ကျွန်တော်တို့ အနာဂတ်အတွက် စာမေးပွဲဖြေချင်တယ်။ လက်ပံတန်းမှာ အဝေးသင်ကျောင်းသားတွေ အာမခံရတယ်။ ကျွန်တော်တို့လက်ရှိတက်နေ တဲ့ဒေးကျောင်းသားတွေ ကျတော့ အာမခံမရဘူး။ ဥပဒေက တစ်နေရာနဲ့တစ်နေရာ မတူလို့တော့ မရပါဘူး” ဟု ပြောသည်။

သို့သော်လည်း အမရပူရ မြို့နယ် တရားသူကြီးကမူ ၎င်းတို့အား ဖမ်းဆီးထားသည့် ပုဒ်မများတွင် ပုဒ်မ ၅၀၅(ခ) ပါနေသောကြောင့် အာမခံပေး၍ မရဟု ဆိုသည်။ အမရပူရမြို့နယ် တရားသူကြီးက “ အဲဒီပုဒ်မ ပါရဲ့သားနဲ့ အာမခံပေးလိုက်ရင် နောက်လူ တွေလည်း ပေးရတော့မယ်။ နောက်တစ်ချက်က သူတို့စာမေးဖြေဖို့ စာတင်တာမှာ ကျောင်းက ထောက်ခံပေးထားတာ ဘာမှမပါဘူး။ ဒါကြောင့် အာမခံ မရတာပါ” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါဖမ်းဆီးခံထားရသော ကျောင်းသား ၄ ဦး အာမခံရရှိရေးနှင့် စာမေးပွဲ ဖြေဆိုခွင့်ရရှိရန် တောင်းဆိုပေးမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသုတက မဇ္ဈိမကိုပြော သည်။

၎င်းက “ သာယာဝတီမှာလည်း အာမခံရတယ်။ ရန်ကုန်မှာလည်း အာမခံရတယ်။ တရားရေး မဏ္ဍိုင်မှာ တရားမျှတမှု မရှိဘူး။ ရှိတယ်ဆိုတာ ဒီအာမခံက သက်သေပဲ။ တရားရုံးက လုံးဝ အာမခံ မပေးတော့ဘူးဆိုရင် ထောင်အတွင်းမှာ စာမေးပွဲဖြေဆိုခွင့် ပေးရပါမယ်။ သူတို့က အမှုရင်ဆိုင်တုန်းပဲ ရှိသေးတယ်။ ထောင်မကျသေးဘူး။ ဒါကြောင့် တရားရုံးအနေနဲ့ ထောင်ထဲမှာ ဖြေဆိုခွင့် ပေးရမှာပါ” ဟု ဦးသုတ က ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသော ကျောင်းသား လေးဦးကို သြဂုတ် ၂၅ ရက်တွင် လေးကြိမ်မြောက် ရုံးထုတ် စစ်ဆေးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly