နိုင်ငံတော်အတိုင်ပင်ခံကို အနှောက်အယှက်ဖြစ်မည်စိုးသောကြောင့် နှုတ်ထွက်ခြင်းအတွက် မှတ်ချက်မပေးလိုကြောင်း ဦးနေမျိုးကျော် ပြောကြား

နိုင်ငံတော်အတိုင်ပင်ခံကို အနှောက်အယှက်ဖြစ်မည်စိုးသောကြောင့် နှုတ်ထွက်ခြင်းအတွက် မှတ်ချက်မပေးလိုကြောင်း ဦးနေမျိုးကျော် ပြောကြား

 

ဇန်နဝါရီ ၆ ။             ။ လက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အနှောက်အယှက်ဖြစ်မည်စိုးသောကြောင့် နှုတ်ထွက်ခြင်းအတွက် မှတ်ချက်တစုံတရာမပေးလိုကြောင်း တိုင်းအစိုးရဝန်ကြီးရာထူးမှ နှုတ်ထွက်စာတင်ထားသည့် ဦးနေမျိုးကျော်က ပြောသည်။

တိုင်းအစိုးရအဖွဲ့ဝန်ကြီးတာဝန်မှ ထွက်စာတင်ထားသည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးနေမျိုးကျော်က မကွေးမြို့တော်ခန်းမတွင် ဇန်နဝါရီလ ၆ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည့် ရသပြည်ထောင်စုသစ် စာပေဆွေးနွေးပွဲတွင် အဖွင့်အမှာစကားပြောရင်း ထွက်စာတင်ထားကြောင်း  ပြည်သူများကို အသိပေး ပြောကြားခဲ့သည်။

“နောက်မှာဒီလိုမျိုးပွဲတွေမှာ ဝန်ကြီးတစ်ယောက်အနေနဲ့ပြောခွင့်ရတော့မှာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့ဝန်ကြီး တာဝန်က ထွက်စာတင်ထားပါတယ်”ဟု ဦးနေမျိုးကျော်ကပြောသွားခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း လူမှုရေးပြဿနာပေါ်ပေါက်ခဲ့ပြီးနောက် ဦးနေမျိုးကျော်ကိုပါတီတာဝန်များရပ်ဆိုင်းကြောင်း NLD ဗဟိုက ဆုံးဖြတ်ခဲ့သည်။

"ပါတီ စည်းလုံုးညီညွတ်မှု မပျက်ပြားစေရေး၊ ပါတီလုပ်ငန်းများ အနောက်အယှက် မဖြစ်စေရေးအတွက်၊ လူထုခေါင်းဆောင်ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ စကားရပ်မျိုး၊အပြုအမှုမျိုး၊ အသုံးအနှုန်းမျိုးတွေ ကျွန်တော့် နှုတ်က စိတ်လိုက်မာန်ပါ ထွက်သွားမှာမျိုး ကျွန်တော်က အင်မတန် သတိထားတဲ့အတွက် ဒီကာလတွေမှာ မီဒီယာတွေကို ဘာမှ မပြောတာပါ၊ အခုလို အခြေအနေမှာ ကျွန်တော်ဘက်ကနေ ကြားနေတဲ့သတင်းတွေအပေါ်မှာ အတည်ပြုပေးဖို့ မှတ်ချက်ပြုပေးဖို့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြန်မပြောနိင်ခြင်းကို အများကြီးတောင်းပန်ပါတယ်၊   ပြောနိင်တဲ့စကားကတော့ လက်ပြနှုတ်ဆက်သွားတာ မဟုတ်ပါဘူး ။သန်းစွမ်းတဲ့အနုပညာတောင်ပံတစ်စုံနဲ့ ဆက်လက် ဝဲပျံသွားဖို့အတွက်ပါ ”ဟု ဦးနေမျိုးကျော်ကပြောသည်။

ဝန်ကြီးဦးနေမျိုးကျော်သည် ဇန်နဝါရီ ၅ရက်နေ့က ထွက်စာတင်ထားကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံက သိရသည်။

ဒေသကြီးလွှတ်တော် ဥက္ကဌဦးတာက မူ “လွှတ်တော်မှာ စာမတင်ဘူးဗျ၊ လွှတ်တော်ကထွက်တာ လွှတ်တော်မှာ စာတင်စရာ မလိုဘူး။ကော်မရှင်ကို တင်ရမှာ၊ ဝန်ကြီးက နှုတ်ထွက်တာတော့ ကြားတယ်၊ ပါတီက နှုတ်ထွက်တာ ဟုတ်ချင်လည်း ဟုတ်မယ်၊ ကျွန်တော် မနေ့က ခရီးသွားနေတာပါ”ဟု မကွေးတိုင်းပြောသည်။

ဝန်ကြီး ဦးနေမျိုးကျော်၏ ဇနီး ဒေါ်သန်းသန်းနွယ်က  “နိင်ငံရေးလောကကြီးကို နှုတ်ဆက်ပါတယ်။ဒီနေ့ဘဲ ဝန်ကြီးတာဝန်၊လွှတ်တော်တာဝန်၊ပါတီဝင်အဖြစ်မှ နှုတ်ထွက်စာ တင်လိုက်ပါပြီ၊ဘယ်သောအခါမှ မပတ်သက်တော့ပါ၊ကျန်တဲ့ ဘဝသက်တမ်းကိုတော့ ကျွန်မ ပိုင်သွားပါပြီ”ဟု ဇန်နဝါရီ ၅ရက်နေ့က သူမ၏ Facebookအကောင့်တွင် တင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly