အွန်လိုင်းမှာ အပုပ်ချ ဝေဖန်ပြောဆိုနေသူတွေကို အရေးယူဖို့ ဥပဒေ ပြဋ္ဌာန်းပေးပါ

အွန်လိုင်းမှာ အပုပ်ချ ဝေဖန်ပြောဆိုနေသူတွေကို အရေးယူဖို့ ဥပဒေ ပြဋ္ဌာန်းပေးပါ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်မှာနေတဲ့ ကိုသက်ဇော်က မဇ္ဈိမ စာဖတ်သူကဏ္ဍကို မေးလ်မှတဆင့် စာတစ်စောင်ပေးပို့လာခဲ့ပါတယ်။ သူရေးလိုက်တဲ့ စာထဲမှာ ပါတဲ့ အကြောင်းအရာကတော့ အွန်လိုင်းမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုနေမှုများနဲ့ ပတ်သက်ပြီး သူူ့အမြင်ကို ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။ စာရေးတဲ့သူဟာ ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်ပြီး မိသားစုတာဝန်ကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ကိုယ်တိုင် မပါဝင်နိုင် ပေမယ့် ဘယ်လို အခြေအနေတွေ ဖြစ်နေလဲ၊ ဘာတွေအပြောင်းအလဲဖြစ်ပေါ်လာမှာလဲ ဆိုတာကို စိတ်ဝင်စားလို့ အမြဲစောင့် ကြည့်လေ့လာနေရသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုလေ့လာဖို့အတွက်အချိန်ရရင်ရသလို သတင်းစာ၊ ဂျာနယ်နဲ့ စာအုပ်စာတမ်းတွေဖတ်ရှု ပြီး ရုပ်မြင်သံကြားလိုင်းတွေကိုကြည့်လို့ရေဒီယိုလည်း လိုင်းအတော်များများကို နားထောင်နေသူဖြစ်တယ်လို့ပြော ပါတယ်။ ခုနောက်ပိုင်းမှာတော့ အိပ်ချိန်ကလွဲရင် ကိုယ်နဲ့မကွာ အမြဲရှိနေတဲ့ လက်ကိုင်ဖုန်းနဲ့ အွန်လိုင်းမှာတက်လာတဲ့ စာတွေကို ဖတ်ပါတယ်။ ဖတ်စမှာတော့ သူတို့ရေးတာတွေ ကတကယ့်ဝါရင့်နိုင်ငံရေး သမား၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ပုံစံမျိုးတွေနဲ့ ရေးပြီးတင်နေကြတာကို ဖတ်ပြီး ဟုတ်သလို ထင်ခဲ့မိပေမယ့် ကြာလာတဲ့အခါ သူ ရင်မောမိတယ်လို့ ဆိုပါတယ်။

သူတို့ရေးတဲ့ အကြောင်းအရာတွေဟာ ဖတ်တဲ့သူကို အကျိုးရှိစေဖို့ထက် မုန်းတီးနာကျည်းမှု တွေ ရင်ထဲမှာ အမြစ်တွယ်စေဖို့ ရေးနေကြတယ်လို့ ပြောပါတယ်။ လူပုဂ္ဂိုလ်ရေး အပုပ်ချ တိုက်ခိုက်ရေး သမားတွေက ကိုယ်တိုင်သိ၊ ကိုယ်တိုင်ကြုံခဲ့ရလို့ မဟုတ်ဘဲ ဒီလူပုဂ္ဂိုလ်တွေနဲ့ အဆင်မပြေတဲ့သူ တွေဆီက ကြားဖူး နားဝတွေနဲ့ တကယ်သိထားသလို ကြုံခဲ့သလို ရေးသားနေကြတာကို ဖတ်နေရလို့ ဒီစာကို ရေးလိုက်ရတာပါလို့ ဆိုပါတယ်။

တချို့ဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ပါဝင်ခဲ့တာ စနစ်နဲ့ အုပ်ချုပ်ရေး ပုံစံတွေကို အသေအချာမသိဘဲ မိမိထင်ရာမြင်ရာ ရေးနေကြတာတွေက နိုင်ငံအတွက် ကောင်းတဲ့ အလားအလာ တွေ မဟုတ်ပါဘူးလို့ ရေးပါတယ်။

အွန်လိုင်းပေါ်မှာ ရေးနေတဲ့သူတွေက သူတို့အထင်နဲ့ အမြင်ကို ရေးကြတာက လူ့အခွင့်အရေး အရ ရေးလို့ ရပေမယ့် နိုင်ငံတော်အကြီးအကဲတွေနဲ့ ပါတီခေါင်းဆောင်တွေကို ရိုင်းရိုင်းစိုင်းစိုင်း ရေးနေ ကြတာ၊ လူကြီးသူမတွေရဲ့ မျက်နှာပါတဲ့ ဓာတ်ပုံကို ဖြတ်ညှပ်ကပ်ပြီး မတော်တရော်ပုံတွေ တင်ကြတာ တွေက သူတို့ရဲ့ အောက်တန်းကျတဲ့ စိတ်ဓာတ်ကို ဖော်ပြနေတယ်လို့ ပြောပါတယ်။

လူတိုင်းမှာ သဘောထားကွဲလွဲခွင့်တွေ ရှိကြပေမယ့် ကိုယ်ယုံကြည်တာကို သူများက မယုံကြည်တာနဲ့ ရန်သူဖြစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်က နိုင်ငံကြီးသား ပီသတဲ့စိတ်ဓာတ် မဟုတ်ပါဘူးလို့ ရေးပါတယ်။ အခု လက်ရှိအခြေအနေမှာ နိုင်ငံဟာ သဘာဝဘေးအန္တရာယ် ကြုံတွေ့ပြီး တခြား အကျပ်အတည်းတွေလည်း အများကြီးရှိနေတဲ့အတွက် ပြည်သူတွေဟာ ဒုက္ခမျိုးစုံနဲ့ တွေ့ကြုံလို့ သောကပင်လယ်ဝေနေတဲ့ အချိန်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ မဖန်တီးကြဖို့လိုတယ်လို့ သူ့အနေနဲ့ ထင်မြင်မိပါတယ်လို့ ဆိုပါတယ်။

အွန်လိုင်းမှာနိုင်ငံရေးနဲ့ ပတ်သက်ပြီး ရေးချင်သလို ရေးနေကြတာဟာ နိုင်ငံကောင်းဖို့ထက် အဆိုးဘက်ကို ရောက်ဖို့ သေချာနေတာကို တာဝန်ရှိသူတွေအနေနဲ့ အရေးယူဖို့ အချိန်ရောက်နေပါပြီ။ ကိုယ်ကြိုက်တဲ့ ပါတီကောင်းကြောင်းရေးတာ၊ ခေါင်းဆောင်တော်ကြောင်းရေးတာကို ကြိုက်သလိုရေး နိုင်ပေမယ့် ကိုယ်မကြိုက်တဲ့ပါတီနဲ့ ခေါင်းဆောင်တွေကို ကြမ်းတမ်းတဲ့စကားလုံးတွေ သုံးပြီး နစ်နစ်နာ နာမှိုချိုး မျှစ်ချိုး ပြစ်ပြစ်နှစ်နှစ် ရေးနေတာကို အွန်လိုင်းမှာဖတ်ရရင် လူတချို့သာ သဘောကျမှာဖြစ် ပေမယ့် အများစုကတော့ မလိုလားကြပါဘူး။

ဒါကြောင့် ပြည်သူတွေကို ကိုယ်စားပြုပြီး လွှတ်တော်ကို ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးတွေအနေနဲ့ ဒီလိုအပုပ်ချ ဝေဖန်သူတွေကို တားဆီးအရေးယူနိုင်မယ့် ဥပဒေကို လွှတ်တော်ကနေ ပြဋ္ဌာန်းပေးဖို့ သူ့အနေနဲ့ တောင်းဆိုချင်ပါတယ်လို့ ပြောပါတယ်။

အရေးယူတဲ့အခါမှာလည်း ပါတီမရွေး၊ လူမရွေးဘဲ ထိထိရောက်ရောက် အရေးယူနိုင်တဲ့ ဥပဒေမျိုး ဖြစ်စေချင်ပါတယ်။ ဒီနေ့ထုတ် သတင်းစာတစ်စောင်မှာ ကိုရီးယားက အနုပညာရှင်တစ်ဦး ကသူ့ရဲ့ မင်္ဂလာပွဲနှင့် ပတ်သက်ပြီး အွန်လိုင်းမှာ အပုပ်ချဝေဖန်ပြောဆိုသူ အယောက် ၃၀ ကို တရား စွဲဆိုတာ ဖတ်ရပါတယ်။

မြန်မာနိုင်ငံမှာ ဒီလို အွန်လိုင်းမှာ လူပုဂ္ဂိုလ်နဲ့ အသင်းအဖွဲ့တွေကို ဂုဏ်သိက္ခာ ထိခိုက်အောင် ရေးသားပြောဆိုတဲ့သူတွေကို အီလက်ထရွန်းနစ် ဥပဒေနဲ့သာ အရေးယူလို့ ရနိုင်တဲ့အတွက် ထိရောက် မှု သိပ်မရှိတာကြောင့် တိကျထိရောက်တဲ့ ဥပဒေ၊ ထိန်းချုပ်နိုင်မယ့် ဥပဒေပြဋ္ဌာန်းဖို့ လိုနေတာကို တာဝန်ရှိသူများအနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုရေးသားလာတဲ့ စာကို ဖော်ပြ လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required