“ တိုင်းရင်းသား နိုင်ငံရေး (ရှမ်း) ”

“ တိုင်းရင်းသား နိုင်ငံရေး (ရှမ်း) ”

ကိုမျိုးသန့်ရေ

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က ကျွန်တော်ဟာ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ကို သွားခဲ့ပါတယ်။ Myanmar Minerva Education Centre အဖွဲ့ရဲ့ အစီအစဉ်နဲ့ဖြစ်ပြီး ရှမ်း တိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ SNDP အမတ်လောင်းတွေနဲ့ ပါတီဝင်တွေကို ရွေးကောက်ပွဲ ဆိုင်ရာ သင်တန်းပေးတာပါ။ ၃ ရက်တာ ကျင်းပတဲ့ အဲဒီသင်တန်းကို ရှမ်းတိုင်းရင်းသား အမတ်လောင်း တွေနဲ့ ပါတီဝင် ၁၀၀ ကျော်လောက် လာတက်ကြပါတယ်။ ကျွန်တော် အဲဒီသင်တန်းမှာ ပြောပြ ဆွေးနွေးတာကတော့ ကျွန်တော်တို့ မီဒီယာအနေနဲ့ ရွေးကောက်ပွဲတစ်ခုကို ဘယ်လိုစောင့်ကြည့် သလဲ ဆိုတာမျိုးပါ။

ကျွန်တော့်အနေနဲ့ အမတ်လောင်းတွေကို သင်တန်းပေးတာ မဟုတ်ပါဘူး။ ကျွန်တော်သိထားတဲ့ မြန်မာ့ရွေးကောက်ပွဲရဲ့ ထူးခြားချက်၊ လွတ်လပ်တရားမျှတမှု ရှိမရှိ၊ ရွေးကောက်ပွဲမှာ ဖြစ်ပေါ်လာနိုင်တဲ့ မသမာမှု စတာတွေကို ဗဟုသုတသဘော အပြန်အလှန် ဆွေးနွေးကြတာမျိုးပါ။

ဒီတစ်ပတ် ကျွန်တော်ပြောချင်တာကတော့ လာမယ့်ရွေးကောက်ပွဲနဲ့ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုဆိုင်ရာ ကိစ္စတွေ၊ ပြည်သူတွေနဲ့ နိုင်ငံတကာရဲ့ မျှော်လင့်ချက်၊ ရှမ်းတိုင်းရင်းသား တွေရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေ အကြောင်းပါ။ ကိုမျိုးသန့်လည်း သိပြီးဖြစ်မှာပါ။ ကျွန်တော် တို့ဆီမှာ ၂၀၁၅ ရွေးကောက်ပွဲလည်း လုပ်မယ်ဆိုရော နိုင်ငံတကာ အသိုင်းအဝိုင်းက အလွန်စိတ် ဝင်စားကြပါတယ်။

ကျွန်တော်တို့နိုင်ငံကို စစ်အာဏာရှင်စနစ် အရိပ်အောက်ကနေ ထွက်ပြီး ဒီမိုက ရေစီ လမ်းကြောင်းပေါ်ကို ရောက်ဖို့ ရွေးကောက်ပွဲစနစ်နဲ့ ဖြတ်သန်းစေချင်ပုံ ရပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲလည်း လုပ်မယ်လို့ ဆိုလိုက်ရော ငွေရေးကြေးရေး၊ နည်းပညာ ကူညီမယ့်သူတွေ အများကြီး ပေါ်ပေါက်လာပြီး လက်တွေ့လည်း အကူအညီပေးနေတာ တွေ့ရပါတယ်။

ထုံးစံအတိုင်း အကူအညီ လက်ခံရရှိသူတွေကတော့ ရွေးကောက်ပွဲကို ဒိုင်သဖွယ် ကျင်းပ ပေးမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ ၊ရွေးကောက်ပွဲလေ့ လာစောင့်ကြည့်မယ့် အဖွဲ့အစည်းတွေနဲ့ မီဒီယာမျိုးစုံ ဖြစ်ပါတယ်။ အထူးသဖြင့် ငွေကြေးထောက်ပံ့မှု အတော်ပေးပါတယ်။ တစ်ခါ အဲဒီငွေကြေးတွေကို အသုံးပြုပြီး နည်းပညာ ဆိုင်ရာ ပံ့ပိုးမှုတွေ၊ သင်တန်းတွေပေးတာမျိုးလည်း တွေ့ရပါတယ်။ ဘယ်သူတွေက ဘယ်အ ဖွဲ့အစည်းကနေတစ်ဆင့် ဘယ်သူတွေကို ဘယ်လောက်ပေးတယ် ဆိုတာမျိုး ကျွန်တော်လည်း စိတ်မဝင်စားတော့ မစပ်စုကြည့်မိပါဘူး။ အကူအညီ လက်ခံရတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ အတော်များသလို၊ ငွေကြေးပမာဏတွေလည်း များတယ်ဆိုတာပဲ ကြားရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ကျွန်တော်တို့နိုင်ငံ အတွက် ကောင်းတဲ့ လက္ခဏာပါ။ ရွေးကောက်ပွဲဆိုတာ ဘာမှန်း သိပ်    မသိတဲ့ ပြည်သူတွေ၊ နယ်စွန်နယ်ဖျားက တိုင်းရင်းသားတွေအတွက် ဒါတွေဟာ အသိဉာဏ်ဗဟု သုတအတွက် အကူအညီ အထောက်အပံ့ရတယ်ဆိုရင် ကောင်းမွန်တဲ့ လက္ခဏာပါပဲ။

ကိုမျိုးသန့်ရေ

ဟိုအရင်တုန်းက ပြောခဲ့ဖူးသလိုပါပဲ။ ကျွန်တော်ဟာ ရှမ်းတိုင်းရင်းသားတွေရဲ့ နိုင်ငံရေးနဲ့ မစိမ်းပါဘူး။ ၁၉၈၅ ခုနှစ် ကျွန်တော် တောခို၊ လက်နက်ကိုင် တော်လှန်ပုန်ကန်မှု လုပ်တဲ့အချိန်မှာ ကိုပဲ ရှမ်းလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဖူးပါတယ်။ အဲဒီကာလ ရှမ်းပြည်နယ် ထိုင်းနယ်စပ်လွယ်လန်းမှာ အခြေစိုက်တဲ့ SSPP ဌာနချုပ်ကို ရောက်ဖူးပါတယ်။ ကျဆုံးသွားတဲ့ ဥက္ကဋ္ဌ ဦးစိုင်းလိတ်နဲ့ စကားစမြည်ပြောဖူးပါတယ်။ အဲဒီ တပ်ဖွဲ့ထဲမှာခင်ရမင်ရတဲ့ ရဲဘော်မိတ်ဆွေတွေ ရှိခဲ့ဖူးပါတယ်။ ကြာတော့ ကြာခဲ့ပါပြီ။ နောက်ပိုင်း ကျွန်တော်လည်း ဂျာနယ်လစ်ဖြစ်လာ၊ စစ်အစိုးရက ၂၀၁၀ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာလိုက်တဲ့အချိန် ရွေးကောက်ပွဲ ဝင်ကြမယ့် ရှမ်းနိုင်ငံရေးသမားတွေနဲ့ ထပ်ပြီး ဆုံတွေ့ရပြန်ပါတယ်။ SNDP ခေါင်းဆောင် ဦးစိုင်း အိုက်ပေါင်းနဲ့ တခြားခေါင်းဆောင်တွေကို အင်တာဗျူး အကြိမ်ကြိမ်လုပ်၊ တယ်လီဖုန်း အကြိမ်ကြိမ် ခေါ်ရင်း ရှမ်းတိုင်းရင်းသားတွေရဲ့ နိုင်ငံရေးမျှော်မှန်းချက် တချို့ကို သိခဲ့ရပါတယ်။ အဲဒီအချိန်တုန်း ကတော့ ရှမ်းပြည်နယ်မှာ အစဉ်အလာကြီးတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ ရွေးကောက်ပွဲ မဝင်ခဲ့ပါဘူး။ သူတို့ရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးခွန်ထွန်းဦး၊ ဦးစိုင်း ညွန့်လွင်တို့ကိုလည်း စစ်အစိုးရက မယုံနိုင်စရာကောင်းလောက်အောင်နှစ်ရှည် ထောင်ဒဏ်တွေ ချထားခဲ့တာပါ။ နောက်ပိုင်း ဦးခွန်ထွန်းဦး နဲ့ ဦးစိုင်းညွန့်လွင်တို့ အကျဉ်းထောင်က လွတ်လွတ်ချင်း ကျွန်တော်သွားတွေ့၊ အင်တာဗျူးတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်က အလွန်ဆိုးရွား တဲ့ စာပေစိစစ်ရေးဆိုတာကြီး ရှိနေသေးလေတော့ အင်တာဗျူးကို ကောင်းကောင်းမွန်မွန် ဖော်ပြ ခွင့် မရခဲ့ပါဘူး။

ဒီတစ်ခေါက် တောင်ကြီးခရီးစဉ်မှာတော့ ကျွန်တော် SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနဲ့ တွေ့ ခဲ့ပါတယ်။ သူတို့ပါတီဟာ ရှမ်းပြည်နယ် အပါအဝင် အခြားတိုင်းနဲ့ ပြည်နယ် တချို့မှာ အမတ်လောင်း ၂၀၀ ကျော်တင်တဲ့ ပါတီကြီး ဖြစ်ပါတယ်။ ဦးခွန်ထွန်းဦးတို့ SNLD ကတော့ အဲဒီထက် အမတ်လောင်း အရေအတွက် နည်းပါတယ်။ လောလောဆယ် ရှမ်းပြည်နယ်မှာ အဓိက ယှဉ်ပြိုင် ကြမယ့် ပါတီကြီးတွေကတော့ ကျားခေါင်းလို့ ခေါ်တဲ့ SNLD, ကျားဖြူလို့ ခေါ်တဲ့ SNDP, အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပြည်ခိုင်ဖြိုးပါတီတို့က အဓိက ဖြစ်မှာပါ။ တိုင်းရင်းသား ပါတီငယ်လေးတွေ ကလည်း သူတို့ဒေသမှာ သူတို့ရွေးကောက်ပွဲ ဝင်ကြပါတယ်။ အခုလို ရှမ်းအင်အားကြီး နှစ်ပါတီရှိတဲ့ ပြည်နယ်မှာ အင်န်အယ်လ်ဒီ နဲ့ ပြည်ခိုင်ဖြိုး သိပ်မချောင်ဘူး လို့ ထင်ပါတယ်။ မဲတွေ ကွဲပြားကုန်မှာဖြစ် တဲ့အတွက် ရလဒ် ဘယ်လိုဖြစ်မယ်ဆိုတာ ခန့်မှန်းရ  ခက်ပါတယ်။

ရှမ်းပြည်နယ်က ရှမ်းပါတီကြီးနှစ်ခုရဲ့ ရည်မှန်းချက်ကလည်း ကွဲပြားကြပါတယ်။ အဓိက ကွဲပြားခြားနားချက်ကတော့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ခံယူချက်ပါ။ ကျားခေါင်းပါတီကတော့ ပါတီအနေနဲ့ စီးပွားရေး လုပ်တာတွေကို သိပ်အားမပေးပါဘူး။ ပြည်ထောင်စုပုံစံမှာ ပင်လုံစာချုပ်ပါ (၈) ပြည်နယ် တည်ထောင်ရေး သဘောထား ရှိပါတယ်။ နိုင်ငံရေး အစဉ်အလာကြီးပြီး နိုင်ငံရေးကို အဓိကထားတဲ့ ပါတီကြီးပါ။ ကျားဖြူပါတီကတော့ ပါတီအနေနဲ့ စီးပွားရေးလုပ်တာကို လက်ခံပြီး လက်ရှိဖွဲ့စည်းပုံပါ တိုင်းနဲ့ပြည်နယ် ၁၄ ခုပုံစံကို လက်ခံထားတယ်။ နောင်တော့ ပင်လုံစာချုပ်ပါ အချက်အတိုင်း ဖွဲ့စည်းပုံ ကို ပြင်နိုင်အောင် ကြိုးစားမယ်လို့ ဆိုပါတယ်။ ကျွန်တော်ကတော့ လာမယ့်ရွေးကောက်ပွဲ မတိုင်ခင် အဓိက တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ ရွေးကောက်ပွဲမှာ ပါဝင်မှုတွေ ကို လေ့လာပြီး ပြည်သူလူထုကို တင်ပြဖို့ စိတ်ကူးထားပါတယ်ဗျာ။

ကျန်းမာပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required