ဟောလိ၀ုဒ်ရုပ်ရှင် Mile 22 ၌ ပါ၀င်သရုပ်ဆောင်မည့် အဆိုတော် CL

ဟောလိ၀ုဒ်ရုပ်ရှင် Mile 22 ၌ ပါ၀င်သရုပ်ဆောင်မည့် အဆိုတော် CL

 

တောင်ကိုရီးယားမှ နာမည်ကျော်အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ 2NE1 ၏ အဖွဲ့ဝင်ဟောင်းဖြစ်သူ CL သည် ယခု အခါတွင် ပထမဦးဆုံးအကြိမ်အဖြစ် ဟောလိ၀ုဒ်ရုပ်ရှင်ဇာတ်ကားတစ်ခုထဲ၌ ပါ၀င်သရုပ်ဆောင်တော့မည် ဖြစ်သည်။

ဇန်နဝါရီ ၅ ရက်နေ့တွင် CL သည် ရုပ်ရှင်ရိုက်ကူးရေးမှ ဓာတ်ပုံအများအပြားကို သူမ၏ လူမှုမီဒီယာအကောင့်၌ တင်ခဲ့သည်။ ထိုထဲ၌ ပထမဦးဆုံးပုံထဲတွင် သူမသည် အထူးပရောဂျက်တစ်ခုရှိနေကြောင်း အရိပ်အမြွက် ပြောဆိုခဲ့ပြီး “ဘာလဲဆိုတာ တွေးကြည့်စမ်းပါ” ဟု ပုံနှင့်တကွ ရေးသားခဲ့သည်။

ဒုတိယပုံထဲတွင် သူမသည် ဒါရိုက်တာ ပီတာဘာ့ဂ်နှင့်အတူ တွဲရိုက်ထားပြီး တတိယပုံထဲတွင် သူမသည် မင်းသားကြီး ဂျွန်မော့ခ်ကိုဗစ်ချ်နှင့်အတူ တွဲရိုက်ထားသည်ကို တွေ့ရသည်။

ထို့နောက် နောက်ဆုံးဓာတ်ပုံထဲတွင် CL သည် ဒါရိုက်တာ၊ အခြားသရုပ်ဆောင် အဖွဲ့ဝင်များနှင့်အတူ ရုပ်ရှင် ရိုက်ကွင်းထဲ၌ ရောက်ရှိနေပုံကို တွေ့ရသည်။

CL ပါ၀င်သရုပ်ဆောင်မည့် ရုပ်ရှင်ဇာတ်ကားအမည်မှာ Mile 22 ဖြစ်ပြီး ထိုရုပ်ရှင်သည် သူမ၏ ပွဲဦးထွက် ဟောလိ၀ုဒ်ရုပ်ရှင်ဖြစ်ကြောင်း သိရသည်။

Mile 22 ဇာတ်ကားတွင် နာမည်ကျော်သရုပ်ဆောင် မာ့ခ်ဝါ့ဘာ့ဂ်၊ ရွန်ဒါရောက်ဆေနှင့် အခြားအနုပညာရှင် များစွာပါ၀င်သည်။ ယင်းဇာတ်ကားသည် စီအိုင်အေအရာရှိတစ်ဦးနှင့် အင်ဒိုနီးရှားရဲအရာရှိတစ်ဦးတို့ အတူတကွ ပူးပေါင်းကာ နိုင်ငံရေးအကျင့်ပျက်ခြစားမှုကို ရင်ဆိုင်ဖြေရှင်းကြပုံအား ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ ပီတာဘာ့ဂ်က ရိုက်ကူးမည်ဖြစ်သည်။

Ref: Soompi

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required