ကာဘူးလ်မြို့၌ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၁ဦးသေဆုံးပြီး ၂၅ဦးခန့်ဒဏ်ရာရ

ကာဘူးလ်မြို့၌ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၁ဦးသေဆုံးပြီး ၂၅ဦးခန့်ဒဏ်ရာရ

 

ကာဘူးလ်၊ အာဖဂန်နစ္စတန်၊ ဇန်နဝါရီ ၅ ။               ။ အာဖဂန်နစ္စတန်နိုင်ငံ၏မြို့တော် ကာဘူးလ်မြို့၌ ကြာသာပတေးနေ့က ရဲတပ်ဖွဲ့နှင့် ဆန္ဒပြနေသော လူအုပ်ကြီး ကြားထဲ၌ အသေခံဗုံးခွဲတိုက်ခိုက်သူတစ်ဦး၏ လက်ချက်ကြောင့် လူပေါင်း ၁၁ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

စျေးဆိုင်ပိုင်ရှင်တစ်ဦးကို ရဲတပ်ဖွဲ့က အရက်ဖမ်းဆီးရေးစီမံချက်တစ်ခု၌ သတ်ဖြတ်ခဲ့သည်ကို ဆန့်ကျင်သည့် လူအုပ်ကြီးက ဆန္ဒပြနေစဉ်အတောအတွင်း ယင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောခဲ့သည်။

“အသေခံတိုက်ခိုက်သူဟာ သူ့ကိုယ်သူဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြပွဲကို လုံခြံုရေးပေးနေတဲ့ ရဲတပ်ဖွဲ့တွေ ရဲ့အနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ   ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုခဲ့သည်။

အလောင်း ၁၁ လောင်းနှင့် ဒဏ်ရာရသူ ၂၅ဦးကို အနီးအနားရှိဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပြီး သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင် ကြောင်းကိုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုမှာ ၄င်းတို့၏လက်ချက်ဖြစ်သည်ဟုလည်း အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့က သူတို့၏ ၀ါဒဖြန့်သတင်းဌာနမှတဆင့် ကြေညာခဲ့သည်။

ကာဘူးလ်မြို့ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက အသေခံဗုံးခွဲသမားသည် ရဲအရာရှိများကို ပစ်မှတ်ထားတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့ပြီး ရဲအရာရှိ ၅ ဦးခန့်သေဆုံးခဲ့ကာ ၁၁ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဆန္ဒပြသူတွေကို တားဆီးဖို့ကြိုးစားနေတဲ့ ရဲအရာရှိတွေဘေးနားမှာ ဗုံးခွဲသမားဟာ သူ့ကိုယ်ပေါ်က ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲခဲ့တာဖြစ်ပါတယ်” ဟု ယင်းပြောရေးဆိုခွင့်ရှိသူက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required