မြောက်ကိုရီးယားနှင့်အီရန်နိုင်ငံအပေါ် ထရမ့်၏ရပ်တည်မှုနှင့်ပက်သက်၍ ဗင်နီဇွဲလားသမ္မတ ဝေဖန်တိုက်ခိုက်

မြောက်ကိုရီးယားနှင့်အီရန်နိုင်ငံအပေါ် ထရမ့်၏ရပ်တည်မှုနှင့်ပက်သက်၍ ဗင်နီဇွဲလားသမ္မတ ဝေဖန်တိုက်ခိုက်

 

ကာရာကတ်စ်၊ ဇန်နဝါရီ ၅၊ ၂၀၁၈  ။         ။ ဗင်နီဇွဲလားသမ္မတ နစ်ကိုးလပ်စ်မာဒူယိုသည် မြောက်ကိုရီးယား၏ နျူကလီးယားပစ်လွှတ်သည့်ခလုတ်နှင့် ပက်သက်၍ တွစ်တာ၌လှောင်ပြောင်ပြောဆိုခဲ့သည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ကြာသာပတေးနေ့က ဝေဖန်ထိုးနှက်ခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျံုအမ်းက သူ၏ရုံးစားပွဲပေါ်၌ နျူကလီးယားလက်နက်ကို အချိန်မရွေးပစ် လွှတ်နိုင်သည့် ခလုတ်တစ်ခုရှိကြောင်း   ပြီးခဲ့သော တနင်္လာနေ့က ခြိမ်းခြောက်ပြောဆို ခဲ့ချိန်တွင် ဒေါ်နယ်ထရမ့် က သူ၏ထံတွင် ကင်ဂျံုအမ်း၏ခလုတ်ထက် ပိုမိုကြီးမားသော နျူကလီးယားလက်နက်ပစ်လွှတ်သည့် ခလုတ်ရှိ သည်ဟု ပြန်လည်ခနဲ့ခဲ့ခြင်းဖြစ်သည်။

ရုပ်သံမိန့်ခွန်းပြောကြားစဉ်တွင် မာဒူယိုက ကင်ဂျံုအမ်းကိုခနဲ့ခဲ့သည့် ဒေါ်နယ်ထရမ့်အား ပြစ်တင်ဝေဖန်ခဲ့သလို သူနှင့်သူ၏ အစိုးရအဖွဲ့သည် ဆန္ဒပြပွဲများ တစ်ပတ်ကျော်ကြာအောင် ဖြစ်ပွားနေသည့် အီရန်နိုင်ငံမှ အစိုးရအဖွဲ့ကို ထောက်ခံအားပေးကြောင်းကိုလည်း ပြောဆိုခဲ့သည်။

အီရန်နိုင်ငံ၌ ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများကြောင့် လူပေါင်း ၂၁ဦးထက်မနည်း သေဆုံးခဲ့ရပြီး လူရာပေါင်းများစွာ ဖမ်းဆီးခံခဲ့ရသည်။

အီရန်၏ အစိုးရရှေ့နေချုပ်ဖြစ်သူ မိုဟာမက်ဂျာဖာမွန်တာဇီရီက အမေရိကန်၏ စီအိုင်အေအရာရှိများသည် အီရန်နိုင်ငံအတွင်း၌ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများ၏ အဓိကတာဝန်ရှိသူများဖြစ်သည်ဟု ကြာသာပတေးနေ့က စွပ်စွဲပြောဆိုခဲ့သည်။

သို့သော်လည်း ထရမ့်၏အစိုးရအဖွဲ့က ၄င်းတို့သည် အီရန်၌ဖြစ်ပွားနေသော ဆန္ဒပြပွဲများနှင့်ပက်သက်၍ မည်သို့ မျှသက်ဆိုင်ခြင်းမရှိသလို ဆန္ဒပြပွဲများသည် သူ့အလိုအလျောက်   ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုခဲ့ကြသည်။ ဒါ့အပြင် စီအိုင်အေကလည်း ရှေ့နေချုပ်၏မှတ်ချက်အား ငြင်းဆန်ပယ်ချခဲ့သည်။

အီရန်နိုင်ငံ၌ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများနှင့်ပက်သက်၍ ထရမ့်က သူ၏တွစ်တာ၌ “အီရန်ပြည်သူတွေဟာ အကျင့်ပျက်ခြစားတဲ့ သူတို့ရဲ့အစိုးရအဖွဲ့ကို ဆန့်ကျင်ဆန္ဒပြနေတာဟာ   လေးစားဖို့ကောင်းပါတယ်။ ပြီးတော့ ကျနော်တို့ အမေရိကန်ပြည်ထောင်စုကလည်း သူတို့ကို ထောက်ခံအားပေးပါတယ်” ဟု ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required