မျက်စဉ်းဆေး,နှာဖျန်းဆေးတွေနှင့် ကလေးအဆိပ်သင့်ခြင်း

မျက်စဉ်းဆေး,နှာဖျန်းဆေးတွေနှင့် ကလေးအဆိပ်သင့်ခြင်း

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

သင့်ကလေးငယ်ဟာ မျက်စဉ်း၊ နှာဖျန်းဆေး အစရှိတာတွေကို တုတ်ကွေး၊ ဖျားနာခြင်းနဲ့ ဓါတ်မတည့်ခြင်းရဲ့ လက္ခဏာတွေ သက်သာစေဖို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေဟာ ကလေးငယ်တွေကို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ သူတို့ဟာ သင့်ကလေးငယ်ကို ဘယ်လို အဆိပ်သင့်မှုတွေ ဖြစ်စေပြီး ဘယ်လိုစိတ်ချအောင် အသုံးပြုသင့်တယ်ဆိုတာကို လေ့လာကြည့်ကြရအောင်။

မျက်စဉ်း၊ နှာခေါင်းဖျန်းဆေးတွေဟာ သင့်ကလေးငယ်ကို အဆိပ်သင့်စေပါတယ်။

အချို့ မျက်စဉ်း၊ နှာခေါင်းဖျန်းဆေးတွေဟာ မျိုရင် အဆိပ်သင့်နိုင်ပါတယ်။ ညွှန်ကြားချက်အတိုင်း မျက်လုံး၊ နှာခေါင်း အတွင်းမှာသာ အသုံးပြုမယ်ဆိုရင် မျက်လုံးနဲ့ နှာခေါင်းကိုသာ သက်ရောက်နိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေကို မျိုချမိရင်တော့ တစ်ကိုယ်လုံးကို ထိခိုက်နိုင်ပါတယ်။ကလေး အဆိပ်သင့်တဲ့အခါ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကတော့ နှလုံးခုန် နှေးခြင်း၊ နှလုံးခုန် မြန်ခြင်း၊ အသက်ရှူနှုန်းနှေးခြင်း၊ ပျို့အန်ခြင်း၊ သွေးပေါင်တက်ခြင်း၊ သွေးပေါင်ကျခြင်း၊ သွားရည်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ကို်ယ်ခန္ဓာ အပူချိန်ကျဆင်းခြင်း၊ သတိမေ့ခြင်းတွေပဲ ဖြစ်ပါတယ်။ သင့်ကလေးငယ်ဟာ ဆေးရုံမှာ နေဖို့ လိုအပ်လာနိုင်ပါတယ်။

သင့်ကလေးငယ်ဟာ မျက်စဉ်း၊ နှာခေါင်းဖျန်းဆေးတွေကို မျိုချနိုင်ပါတယ်။ သင့်ကလေးငယ်ဟာ ဆေးဗူးခွံအလွတ်တွေနဲ့ ဆော့ကစားနိုင်ပါတယ်။ ဒါမှမဟုတ် child-resistant box အတွင်းမှာ မသိမ်းဆည်းထားတဲ့ ဆေးတွေကိုလည်း ထိတွေ့နိုင်ပါတယ်။

စိတ်ပူသင့်တဲ့ ဆေးများ

tetrahydrozoline, naphazoline, သို့ oxymetazoline ပါဝင်တဲ့ ထုတ်ကုန်တွေကို သတိထားပြီး အသုံးပြုသင့်ပါတယ်။

အောက်ဖေါ်ပြပါ တံဆိပ်တွေကို စစ်ဆေးသင့်ပါတယ်။

  •     Tetrahydrozoline: Visine ပင်ရင်း, Visine ပေါင်းစပ်, GNP ပင်ရင်းမျက်စဉ်းဆေး, စသဖြင့်။
  •     Naphazoline: Visine A, Walgreens မျက်စဉ်းဆေး, Naphazoline HCl Ophthalmic Solution, စသဖြင့်။
  •     Oxymetazoline: Visine L.R., Equate နှာဖျန်းဆေး, Nasal Relief Spray, Walgreens Anefrin နှာဖျန်းဆေး, စသဖြင့်တို့ ဖြစ်ကြပါတယ်။

ဆေးရဲ့ ထုတ်ပိုးမှုမှာ ပါတဲ့ အညွှန်းမှာ အချက်အလက်တွေကို ဖေါ်ပြထားပါတယ်။ ဒါကြောင့် ဆေးတစ်မျိုးမျိုးကို မသုံးစွဲခင် ထုတ်ပိုးမှုကို သေချာစွာ စစ်ဆေးသင့်ပါတယ်။
မျက်စဉ်းတွေ၊ နှာခေါင်း ဖျန်းဆေးတွေကြောင့် ကလေးငယ်အဆိပ်သင့်ခြင်းကို ရှောင်ကျဉ်ရန် နည်းလမ်းများ

သင့်ကလေးငယ်ကို ဆေးအဆိပ်သင့်ခြင်းကနေ ကာကွယ်ဖို့ အောက်ပါအချက်တွေကို ပြုလုပ်နိုင်ပါတယ်။

  •     ဆေးတွေကို သော့ခတ်ထားတဲ့ ဗီဒို၊ သို့ ကလေးမမီတဲ့ နေရာက လုံခြံုစိတ်ချရတဲ့ နေရာမှာ သိမ်းထားသင့်ပါတယ်။ သင့်ကလေးငယ်က ဆေးတွေကို မမြင်လေလေ ကောင်းလေလေပဲ ဖြစ်ပါတယ်။
  •     ဆေးတွေ၊ ဗီတာမင်တွေ၊ အပင်တွေကို သင့်ကလေးအနီးမှာ မထားသင့်ပါဘူး။
  •     ဆေးတွေပါဝင်တဲ့ ဆေးဗူးကို လုံခြံုတဲ့ အဖုံးရှိတယ်ဆိုရင် ဆေးကို အသုံးပြုပြီးရင် အဖုံးကို သေချာစွာ ပြန်ပိတ်သင့်ပါတယ်။
  •     အခြားကလေးထိန်းသူတွေကို ကလေးအသုံးမပြုရမယ့် ဆေးတွေကို ပြောပြထားသင့်ပါတယ်။
  •     ဆေးတွေ၊ မျက်စဉ်းတွေ၊ နှာခေါင်းဖျန်းဆေးတွေကို သင့်ကလေးရှေ့မှာ အသုံးမပြုသင့်ပါဘူး။ သင့်ကလေးဟာ သူမြင်တဲ့အရာကို လိုက်လုပ်နိုင်ခြေ များပါတယ်။
  •     အဆိပ်သင့်တဲ့ လက္ခဏာတွေ ရှိရင် ကလေးငယ်ကို ဆေးရုံကို ခေါ်သွားခြင်း၊ ဆရာဝန်ကို အကြောင်းကြားခြင်းတွေ ပြုလုပ်သင့်ပါတယ်။

အရေးပေါ်ကို မခေါ်ခင်

သင့်ကလေး အဆိပ်သင့်နေရင် အရေးပေါ်ကို ချက်ချင်း အကြောင်းကြားသင့်ပြီး အောက်ပါအချက်တွေကို သတိရသင့်ပါတယ်။

  •     သင့်ကလေးငယ်ရဲ့ အသက်၊ ကိုယ်အလေးချိန်၊ ယေဘုယျ ကျန်းမာရေး အခြေအနေ
  •     သင့်ကလေး အသုံးပြုတဲ့ မျက်စဉ်း (သို့) နှာခေါင်း ဖျန်းဆေး အမည်
  •     သင့်ကလေး မျိုချလိုက်တယ်လို့ ထင်တဲ့ အချိန်
  •     သင့်ကလေး မျိုချလိုက်တဲ့ ဆေးပမာဏ

သင့်ကလေးငယ်ရဲ့ အခြေအနေနဲ့ ရှေးဦးသူနာ ပြုစုနည်းတွေကို ဘယ်လိုလုပ်မလဲဆိုတာ ဆရာဝန်က ဆုံးဖြတ်နိုင်ဖို့ အထက်ပါ အချက်အလက်တွေက အရေးကြီးပါတယ်။ ဒါပေမယ့် သင့်မှာ ဒီအချက်အလက်တွေ မရှိရင်လည်း အရေးပေါ်ယာဉ်ခေါ်ဖို့ နောက်မတွန့်သင့်ပါဘူး။ ဒါဟာ ဒီအခြေအနေကို ပိုမို ဆိုးရွားစေနိုင်ပါတယ်။

တကယ်လို့ သင့်ကလေးဟာ အဖြစ်များတဲ့ မျက်လုံး၊ နှာခေါင်း ပြဿနာတွေကို ကုသဖို့အတွက် အသုံးပြုတဲ့ မျက်စဉ်းတွေ၊ နှာခေါင်း ဖျန်းဆေးတွေနဲ့ အဆိပ်သင့်နေတယ်ဆိုရင် ရိုးရှင်းတဲ့နည်းလမ်းတွေကို အသုံးပြုပြီး ဒီလိုအခြေအနေတွေကို ရှောင်ကျဉ်သင့်ပါတယ်။ တကယ်လို့ ဆေးတွေကို မှန်ကန်စွာ အသုံးပြုတယ်ဆိုရင် ဆိုးကျိုးတွေ ဖြစ်ဖို့ ရာနှုန်းနည်းတာမို့ မစိုးရိမ်သင့်ပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required