ဒေါ်အောင်ဆန်းစုကြည်ထံသို့ လွတ်လပ်ရေးနေ့အတွက် ၀မ်းမြောက်ကြောင်း သဝဏ်လွှာ တရုတ်နိုင်ငံမှ ပေးပို့ခဲ့

ဒေါ်အောင်ဆန်းစုကြည်ထံသို့ လွတ်လပ်ရေးနေ့အတွက် ၀မ်းမြောက်ကြောင်း သဝဏ်လွှာ တရုတ်နိုင်ငံမှ ပေးပို့ခဲ့
Photo-AFP

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ မြန်မာနိုင်ငံ၏ နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို တရုတ် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် Mr. Li Keqiang တို့က ပေးပို့ခဲ့သည်။

မြန်မာနိုင်ငံ ဖွ့ံဖြိုးရေးနှင့် တည်ဆောက်ရေးလုပ်ငန်းသည် အရှိန်အဟုန်မြင့် ဖွ့ံဖြိုးတိုးတက်လျက်ရှိပြီး တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်နေကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က ပြောထားသည်။ ၎င်းအနေဖြင့် တရုတ်-မြန်မာ မိတ်ဖက်ဆက်ဆံရေးအဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်သွားမည်ဟုလည်း သဝဏ်လွှာတွင် ပါရှိသည်။ ထို့ပြင် “ အဆွေတော် ပြည်ထောင်စုဝန်ကြီး ကိုယ်ကျန်းမာစိတ်ချမ်းသာပါစေကြောင်းနှင့် အလုပ်အကိုင် ချောမောပြေပြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်” ဟု ဖော်ပြပါရှိသည်။

နှစ်နိုင်ငံအချင်းချင်း နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေပြီး တရုတ်နိုင်ငံသည် နှစ်နိုင်ငံအကြားတည်ရှိသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို တန်ဖိုးထားပါသည်ဟု တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် Mr. Li Keqiang ကလည်း ပေးပို့ထားသည်။

တရုတ်နိုင်ငံ နိုင်ငံတော်သမ္မတ Mr. Xi Jinping က မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံသို့ ဝမ်းမြောက်ဂုဏ်ပြုကြောင်း သဝဏ်လွှာလည်း ပေးပို့ထားသည်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ နံနက် ၄ နာရီ မိနစ် ၂၀ တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီး ယခု ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် နှစ် ရ၀ ပြည့်မြောက်ပြီ ဖြစ်သည်။

ယနေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုသိမ်၊ မကွေး မြို့ကြီးများအပါအဝင် ဒေသအသီးသီးတွင် ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly