NLD အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်လုပ်ငန်း တိုးတက်မှုများရှိနေဟု ဦးဉာဏ်ဝင်းဆို

NLD အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်လုပ်ငန်း တိုးတက်မှုများရှိနေဟု ဦးဉာဏ်ဝင်းဆို

ရန်ကုန် ၊ ဇန်နဝါရီ ၄ ။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်သည် ခရီးတွင်နေပြီ ဖြစ်ကာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) အား လက်မှတ်ရေးထိုးမည့် အဖွဲ့များ ရှိနေလောက်ပြီဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဆိုသည်။

"ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်နေတာ အတော်ကို ခရီးရောက်နေပြီ။ ရိုးရိုးရှင်းရှင်း ပြောရင်ဗျာ လက်မှတ်ထိုးမယ့်အဖွဲ့တွေက အဆင်သင့်ရှိနေလောက်ပြီ။ လိုအပ်တဲ့ညှိနှိုင်းမှုလေးတွေ   သဘောတူပြီးသား အများကြီး ရနေပြီ။ ဆိုလိုတာက တိုးတက်မှုအများကြီးရှိနေတယ်လို့ ကျွန်တော် နားလည်ထားတယ်" ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ ဇန်နဝါရီ ၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ်၌  ပြုလုပ်သည့် နှစ်(၇၀) ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဦးဉာဏ်ဝင်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

အနှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့၏ ထုတ်ပြန်ချက်တွင် "နှစ်ပေါင်း(၇၀)ရှည်ကြာခဲ့ပြီဖြစ်သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ အပြီးတိုင်ချုပ်ငြိမ်းစေပြီး၊ ထာဝရငြိမ်းချမ်းရေးရရှိစေရေးမှာ ကျွနု်ပ်တို့၏ အဓိက ဦးတည်ချက်ဖြစ်သည်" ဟု ဖော်ပြထားသည်။

ယင်းအပြင် အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ သည် ၂၀၁၈ခုနှစ်အတွင်း၌ ထူးခြားသော အောင်မြင်မှုရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပခဲ့ပြီး ဒုတိယအကြိမ်အစည်းအဝေးတွင် အခြေခံဖက်ဒရယ်မူအချို့ကို ချမှတ်နိုင်ခဲ့သည်ဟု နိုင်ငံတော် သမ္မတ ဦးထင်ကျော်မှ နှစ်(၇၀) ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required