လေယာဉ်လက်မှတ်နှင့် ဒေါ်လာ ၃၀၀၀ ကျော်စီ ပေးကာ အာဖရိကမှ ခိုးဝင်သူ ထောင်သောင်းများစွာကို အစ္စရေးက နယ်နှင်ရန် စီစဉ်

လေယာဉ်လက်မှတ်နှင့် ဒေါ်လာ ၃၀၀၀ ကျော်စီ ပေးကာ အာဖရိကမှ ခိုးဝင်သူ ထောင်သောင်းများစွာကို အစ္စရေးက နယ်နှင်ရန် စီစဉ်

တဲလ်အဗစ်၊ ဇန်နဝါရီ ၄ ။          ။ အာဖရိကမှ ခိုးဝင်သူ ထောင်သောင်းများစွာကို ဧပြီ မကုန်မီ အတင်းအကြပ်နယ်နှင်နိုင်မည့် စီမံချက်အား အစ္စရေးနိုင်ငံက ဇန်နဝါရီ ၃ ရက်တွင် စတင်ဖော်ဆောင်ပြီး ဆက်လက်နေထိုင်နေသူများကို ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်ပြောဆိုသည်။

“ဒီကနေ့က ခုစီမံချက်ကို စတင်လုပ်ဆောင်နေပါပြီ။”ဟု ကက်ဘိနက်အစည်းအဝေးအစမှာ ဝန်ကြီးချုပ် နေတန်ယာဟုက ပြောသည်။

အဆိုပါ စီမံချက်အရ အစ္စရေးနိုင်ငံတွင်းသို့ ဆူဒန်မှ အများဆုံးဖြစ်သော တရားမဝင်ရွှေ့ပြောင်းခိုးဝင်သူ ၃၈၀၀၀ နီးပါးကို မတ်လကုန်အထိ ပြန်လည်ရွှေ့ပြောင်းထွက်ခွာခိုင်းရမည်ဖြစ်သည်။

ထိုသို့ ပြန်လည်ထွက်ခွာရမည်သူများကို လေယာဉ်လက်မှတ်တစ်စောင်စီနှင့် အမေရိကန်ဒေါ်လာ ၃၅၀၀ (ယူရိုငွေ ၂၉၀၀) အား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်သွားပြီးဆိုပါက ရွှေ့ပြောင်းခိုးဝင်သူ ဦးရေ လျော့ပါးလာမည်ဖြစ်ပြီး ထွက်ခွာရန် ဆက်လက်ငြင်းဆန်နေသူများအနေဖြင့် ဖမ်းဆီးခံရမည်ဖြစ်သည်။

ထိုပြင် အစ္စရေး တောင်ပိုင်းကန္တရတွင် ဖွင့်လှစ်ထားသော ရွှေ့ပြောင်းသူများ နေရပ်ထွက်ခွာချိန် စုထားနိုင်မည့် ဦးရေ ၁၂၀၀ ဆံ့ Holot ယာယီစင်တာ အဆောက်အအုံကိုလည်း ပိတ်လိုက်မှာ ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ရွှေ့ပြောင်းထွက်ခွာရာနေရာ Holot တွင် ရွှေ့ပြောင်းသူ ၉၇၀ ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယခုသီတင်းပတ်အစောပို်င်းက ထုတ်ပြန်ထားသည်။

ယခု စီမံချက်မှာ နိုဝင်ဘာလအတွင်းကတည်းက အစ္စရေးကက်ဘိနက်အဖွဲ့က အတည်ပြုထားခဲ့ခြင်း ဖြစ်ပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အစ္စရေး၏ ထိုစီမံချက်အတွက် စိုးရိမ်ကြောင်း ထုတ်ပြန်ထားခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required