လွတ်လပ်ရေးနေ့ အခမ်းအနားသွား လွှတ်တော်ကိုယ်စားလှယ်ကားနှင့် ဆိုင်ကယ်တို့ မတော်တဆ တိုက်မှု ဖြစ်ပွား

လွတ်လပ်ရေးနေ့ အခမ်းအနားသွား လွှတ်တော်ကိုယ်စားလှယ်ကားနှင့် ဆိုင်ကယ်တို့ မတော်တဆ တိုက်မှု ဖြစ်ပွား

မန္တလေး၊ ဇန်နဝါရီ ၄ ။           ။ နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်ရန်သွားသည့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်   မောင်းနှင်လာသည့်ကား နှင့်ဆိုင်ကယ်စီးလာသူတို့ မင်းကြီးကုန်းကျေးရွာအနီးတွင် ဇန်နဝါရီလ ၄ ရက်၊နံနက်ပိုင်းက မတော်တဆတိုက်မိ၍ လူတစ်ဦး သေဆုံး သွားကြောင်း သိရသည်။

အဆိုပါ တိုက်မိမှုတွင် ဆိုင်ကယ် ၃ စီးမှ အချင်းချင်း ချိတ်မိကာ လွှတ်တော်ကိုယ်စားလှယ်၏ ကားဘန်ဘာနှင့် တိုက်မိခဲ့သည်ဟု ဆိုသည်။

စဉ့်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဇော်ဝင်းမြင့်က"ကြံခုတ်သွားတဲ့ ဆိုင်ကယ်သုံးစီးနဲ့ ဖြစ်တာ။ အဲ့ဒီနားက ရေကျော်ကွေ့တစ်ခုရှိတယ်။ သူတို့ကလည်း ရုတ်တရက်ပေါ်လာတယ်။ သူ့တို့အချင်းချင်း ချိတ်မိပြီး ကျွန်တော့ကား ဘယ်ဘက်ဘန်ဘာနဲ့ တိုက်မိသွားတာ။ နောက်က ပြုတ်ကျနေတဲ့သူ သေတာ။ လူသေသွားတာဖြစ်တဲ့အတွက် ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက် သွားမှာပါ။"ဟု ပြောသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့သူတစ်ဦးကိုလည်း မန္တလေးမြို့အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေကြောင်းသိရသည်။

လတ််တလောတွင် ဖြစ်စဉ်ကို စစ်ဆေးနေဆဲဖြစ်ခြင်းကြောင့် အမှုမဖွင့်ရသေးကြောင်း စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly