နိုင်ငံ၏ အချုပ်အခြာအာဏာသည် လွတ်လပ်ရေးသာ ဖြစ်သည်ဟု NLD CEC ဆို

နိုင်ငံ၏ အချုပ်အခြာအာဏာသည် လွတ်လပ်ရေးသာ ဖြစ်သည်ဟု NLD CEC ဆို

ရန်ကုန် ၊ ဇန်နဝါရီ ၄ ။               ။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံ၏ လွတ်လပ်ရေးသာ ဖြစ်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ဧည့်နိုင်ငံသားများအား မြန်မာနိုင်ငံ၏ ဥပဒေနှင့် အုပ်ချုပ်ခြင်းသည် အစိုးရ၏ တာဝန်ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဆိုသည်။

"ဧည့်သည်အဖြစ်လာတဲ့သူတွေဟာ မြန်မာနိုင်ငံရဲ့ဥပဒေတွေကို လေးစားရမယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို လေးစားရမယ်။ အချုပ်အခြာအာဏာကို ဘယ်လိုကျင့်သုံးမလဲဆိုတာ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ အလုပ်ပါ။ ပြင်ပက ၀င်ရောက်စွက်ဖက် ပြောဆိုခွင့်မရှိပါဘူး" ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ ဇန်နဝါရီ ၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ်၌  ပြုလုပ်သည့် အနှစ်(၇၀) ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဦးဉာဏ်ဝင်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

အနှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့၏ ထုတ်ပြန်ချက်တွင် "ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးသည် မြန်မာတစ်နိုင်ငံလုံး၏ အရေး ဖြစ်သလို ၊ ရခိုင်အမျိုးသားများ၏အရေးသည်လည်း မြန်မာအမျိုးသားလုံး၏ အရေးဖြစ်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းပြဿနာ သည် မြန်မာနိုင်ငံ၏ အမျိုးသားဂုဏ်သိက္ခာနှင့် အမျိုးသားအချုပ်အခြာအာဏာအပေါ် စိန်ခေါ်မှုဖြစ်ပါသည်" ဟု ဖော်ပြထားသည်။

ယင်းအပြင် ကုလသမဂ္ဂအဖွဲ့အချို့နှင့် နိုင်ငံကြီးအချို့မှ မြန်မာနိုင်ငံအပေါ် တိုက်ခိုက်နေမှုများ ၊ အရေးယူ ပိတ်ဆို့နေမှုများအား မြန်မာနိုင်ငံဘက်မှ အမှန်တရား နှင့် လက်တွေ့ဆောင်ရွက်နေမှုများဖြင့် တုံ့ပြန်နေ သည်ဟု ရေးသားဖော်ပြထားသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဘင်္ဂါလီများသည် လုံခြံုရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေရှင်းလင်းမှု များကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ လူဦးရေ ၆ သိန်းကျော် ထွက်ပြေးလာခဲ့ရသည်ဟု ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required