ရဲထွေးအောင် (ခ)အောင်ရဲထွေးအားသေဆုံးမှုမှ ပြစ်မှုကျူးလွန်သူ ၃ ဦး ဖမ်းဆီးမိထား

ရဲထွေးအောင် (ခ)အောင်ရဲထွေးအားသေဆုံးမှုမှ ပြစ်မှုကျူးလွန်သူ ၃ ဦး ဖမ်းဆီးမိထား

ရန်ကုန်၊ ဇန်နဝါရီ ၄ ။             ။ လူမှုကွန်ယက်စာမျက်နာတွင် ဟာသဗီဒီယိုများဖြင့် ဖေ့ဘွတ်ခ်တွင် လူသိများလာသူ ရဲထွေးအောင်(ခ) အောင်ရဲထွေး သေဆုံးမှုတွင် ပါ၀င်သူတစ်ဦး ဖြစ်သူ သန်းထွဋ်အောင်(ခ)သားကြီး ၏ ဖခင်ဖြစ်သူမှ သုဝဏ္ဏနယ်မြေရဲစခန်းသို့  ယမန်နေ့က လာရောက်ပို့အပ်ခဲ့ပြီးနောက် ဆက်စပ်သူ ၂ ဦးအား ယနေ့ ထပ်မံဖမ်းဆီးလိုက်ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့ ၊ နံနက် ၁၀နာရီခွဲအချိန်တွင်ကျော်ဇောဟန်(ခ) ကျော်ဇော၊ (၂၈)နှစ်၊ ငမိုးရိပ် ကွက်၊ သင်္ဃန်းမြို့နယ်နေသူအား ၎င်း၏မိဘများက လာရောက်ပို့အပ်ခဲ့ပြီး လက်ရှိတွင် ရဲထွေးအောင်(ခ) အောင်ရဲထွေး သေဆုံးမှုအတွက် လူ ၃ ဦးကို ဖမ်းဆီးထားခြင်း ဖြစ်သည်။

သန်းထွဋ်အောင်(ခ)သားကြီး ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူ ပြည့်ဖြိုးအောင်(ခ) အောင်လေး (၂၆) နှစ်၊ (၅)ရပ်ကွက်၊ ကမာရွတ်မြို့နယ်နေသူအား မိခင်ဖြစ်သူမှ ဇန်နဝါရီလ ၃ ရက်နေ့ ည ၈ နာရီခွဲခန့် အချိန်တွင် လာရောက်ပို့အပ်သဖြင့် အမှုဖြင့်ဖမ်းဆီးပြီး စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ သန်းထွဋ်အောင်(ခ)သားကြီး၏ ထွက်ဆိုချက်အရ ကမာရွတ်မြို့နယ်၊ လှည်းတန်းနေ ပြည့်ဖြိုးအောင် (ခ) အောင်လေး နှင့် သင်္ဃန်းကျွန်းမြို့နယ်နေကျော်ဇော်ဟန်(ခ) ကျော်ဇော်တို့ အတူ ပါဝင်ခဲ့ကြောင်း ၊ ၎င်းတို့ (၃)ဦးမှာ ဇန်နဝါရီလ ၁ ရက်နေ့နံနက် ၃ နာရီအချိန်ခန့်က The One  Entertainment ဝင်းတွင် ပြုလုပ်သော The Space ပါတီပွဲသို့ ရောက်ရှိစဉ် VVIP စင်ပေါ်၌ ကခုန်နေသည့် အမျိုးသားမှာ ယခင်က ခိုက်ရန် ဖြစ်ခဲ့ဖူးသူတစ်ဦးဖြစ်ကြောင်း သိရပြီး ဒေါသဖြစ်ကာ စင်ပေါ်သို့ တက်၍ ၎င်း တို့သုံးဦးမှ ဝိုင်းဝန်းထိုးကြိတ်ခြေထောက်ဖြင့် ကန်ကြောက်ခဲ့သဖြင့် အဆိုပါအမျိုးသားမှာ လဲကျသွားကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့က The One Entertainment ဝင်း၌ ပြုလုပ်သည့် ပါတီပွဲတွင် ခိုက်ရန်ဖြစ် ပွားခဲ့ရာ သူငယ်ချင်းဖြစ်သူ မပွင့်ကေခိုင် (ခ) ပိုးပိုး၏ ပြောပြချက်အရ နံနက် ၄ နာရီအချိန်က ၎င်းနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ The One Entertainment ဝင်းသို့ရောက်ရှိစဉ် ယခင်က ရဲထွေးအောင်(ခ) အောင်ရဲထွေးနှင့် ခိုက်ရနြ်ဖစ်ခဲ့ဖူးသော အမည်မသိအမျိုးသားနှင့် အပေါင်းအပါများက ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြ သဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ရဲထွေးအောင် (ခ) အောင်ရဲထွေးသည် ဒဏ်ရာများရရှိသဖြင့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရာမှ ဇန်နဝါရီလ ၂ ရက်နေ့ ၂ နာရီ ၃၅ အချိန်တွင်
သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ရဲထွေးအောင်(ခ)အောင်ရဲထွေး၏ အစ်ကိုဖြစ်သူ ဦးသန့်ဇင်ဦးက တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ သုဝဏ္ဏ နယ်မြေရဲစခန်း (ပ) ၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ် ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ရာမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် ပြောင်းလဲစစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ရဲထွေးအောင်(ခ)အောင်ရဲထွေးသည် အသက် ၂၄ နှစ်အရွယ်ရှိပြီး ဟာသဗီဒီယိုများဖြင့် ဖေ့ဘွတ်ခ်ပေါ်တွင် လူသိများလာရာမှ လက်ရှိတွင် ရုပ်ရှင်ကားများပါ ရိုက်ကူးနေသောသူတစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required