ဖလားသုံးလုံးအတွက် တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ရီးယဲလ်နည်းပြ ဇီဒန်း

ဖလားသုံးလုံးအတွက် တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ရီးယဲလ်နည်းပြ ဇီဒန်း
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ် နည်းပြ ဇီဒန်းက ဒီရာသီမှာ သူ့အသင်းအနေနဲ့ လာလီဂါ၊ စပိန်ဘုရင့်ဖလားနှင့် ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးရယူဖို့ မျှော်လင့်နေဆဲဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

ပြင်သစ်သားနည်းပြကြီးက ကြာသပတေးနေ့မှာ နူမန်စီယာအသင်းနဲ့ ကစားမယ့် စပိန်ဘုရင့်ဖလားပွဲ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ဟာ ပြိုင်ပွဲ ၃ ရပ်လုံးမှာ မျှော်လင့်ချက်တွေ ရှင်သန်နေဆဲဖြစ်ပါတယ်။ ကျနော်တို့ဟာ အခုကစလို့ မေလကုန်ထိတိုင် ကစားရမယ့် ပွဲစဉ်တိုင်းကို တိုက်ပွဲဝင်ဖို့ တူညီတဲ့ စိတ်အားထက်သန်မှု ရှိပါတယ်။”လို့ ဇီဒန်းက ပြောပါတယ်။

လာလီဂါချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် ရီးယဲလ်အသင်းဟာ လက်ရှိအမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာရဲ့ အောက်မှာ ၁၄ မှတ်အကွာနဲ့ ရပ်နေပြီး ဇီဒန်းရဲ့ အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ရီးယဲလ်အသင်းဟာ မကြာသေးခင်က ဘာစီလိုနာကို ၃-၀ အသင်းနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဇီဒန်းက သူ့ရဲ့ အသင်းကို ချီးကျူးပြောဆိုခဲ့ပါတယ်။

“ကျနော့်အသင်းပေါ် ယုံကြည်မှုရှိပါတယ်။ Clasico မှာ ရှုံးနိမ့်ခဲ့တာက နာကျင်ရပါတယ်။ ဒါပေမယ့် ရီးယဲလ်အသင်းဟာ ဘယ်တော့မှ အရှုံးပေးလက်လျော့သွားမှာ မဟုတ်ပါဘူး။”လို့ ဇီဒန်းက ပြောပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required