အပစ်ရပ်လက်မှတ်ထိုးရေး သမ္မတကမ်းလှမ်းချက်အပေါ် အဆုံးအဖြတ်ပေးမည့် အစည်းအဝေးစပြီ

အပစ်ရပ်လက်မှတ်ထိုးရေး သမ္မတကမ်းလှမ်းချက်အပေါ် အဆုံးအဖြတ်ပေးမည့် အစည်းအဝေးစပြီ
ချင်းမိုင်မြို့တွင် ကျင်းပနေသည့် တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး။ (ဓာတ်ပုံ- Aung Moe Myint facebook)

ချင်းမိုင် (မဇ္ဈိမ) ။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) အပေါ် အစိုးရနှင့် အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်များ ဆွေးနွေးမှု ရရှိခဲ့သော အချက်များကို တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သြဂုတ် ၂၁ရက်က ပြန်လည်သုံးသပ်ကာ သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၂၁ ရက်က စတင်ကျင်းပနေပြီး ၉ ကြိမ်မြောက် ဆွေးနွေးခဲ့သော အချက်များကို အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (Senior Delegation-SD)က ပြန်လည် တင်ပြခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့က အက်စ်ဒီရဲ့ အစီရင်ခံစာဖတ်ကြားတယ်။ အဲဒါပြီးတော့ စာချုပ်ကို SD နဲ့ UPWC တို့ သဘောတူညီချက် ရယူထားတဲ့အချက်တွေကို ဆွေးနွေးတယ်။ မရှင်းလင်းတာတွေ မေးမြန်းပြီး ပြင်ဆင် ဖြည့်စွက်တယ်။ ဆွေးနွေးပြီးတော့ သဘောတူနိုင်တယ်”ဟု ယနေ့ သဘာပတိအဖြစ် ပြုလုပ်ခဲ့သော ပလောင်(တအောင်း)အမျိုးသား လွတ်မြောက်ရေးတပ်မတော်( TNLA)က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ မှ ၂၄ ရက်ထိ ရန်ကုန်မြို့တွင် အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) တို့ NCA ပါ အချက် ၁၃ ချက်ကို ဆွေးနွေးညှိနှိုင်းခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင်များအားလုံး ပါဝင်ရေးဟူသော အချက် တစ်ချက် သဘောတူရန် ကျန်ခဲ့သည်။

ထို့ပြင် NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ပါဝင်ရေး၊ မဝင်ရေး တိုင်းရင်းသား တစ်ဖွဲ့ချင်းဆီ၏ သဘောထားစာတမ်းများကို တင်ပြခဲ့ပြီး သြဂုတ်လ ၂၂ ရက်တွင် တစ်ဖွဲ့ချင်းတင်ပြချက်အပေါ် ပြန်လည် ဆွေးနွေးသုံးသပ်မည်ဖြစ်သည်။

တိုင်းရင်းသားအားလုံးပါဝင်ရေး ဆွေးနွေးရန်အတွက် ထိပ်သီးခေါင်းဆောင် ၅ ဦးနှင့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့မှ ၃ ဦး စုစုပေါင်း ကိုယ်စားလှယ် ၈ ဦးမှာ လာမည့် သြဂုတ်လ ၂၅ ရက်နောက်ပိုင်း နေပြည်တော်သို့သွားရောက်၍ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးစစ်ဦးစီးချုပ် နိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု မိုင်းအိုက်ဘုန်းက ပြောသည်။

နေပြည်တော်တွင် သွားရောက်ဆွေးနွေးမည့် အဖွဲ့ ၅ ဖွဲ့သည် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကချင်လွတ်လပ်ရေး အဖွဲ့(KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့မှ ထိပ်သီးခေါင်းဆောင်များ သွားရောက်မည် ဖြစ်သည်။

ထိပ်သီးအစည်းအဝေးကို လာမည့် သြဂုတ်လ ၂၃ ရက်ထိ ကျင်းပမည် ဖြစ်ပြီး ထိုအစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးရန် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်ချက်အပေါ် အတည်ပြု ဆုံးဖြတ်မည်ဟု သိရသည်။

အစိုးရဘက်ကမူ တိုင်းရင်းသား အဖွဲ့အစည်း ၆ ဖွဲ့ ပါဝင်ရေးကို ပြောင်းလဲခြင်း မရှိသော်လည်း အစိုးရ၏ ရပ်တည်ချက်အတိုင်း လိုက်လျောမည်ဆိုပါက တရားမျှတမှု မရှိသဖြင့် တိုင်းရင်းသား အဖွဲ့အစည်းများဘက်မှ အားလုံးပါဝင်ရေးကို ဆက်လက် ညှိနှိုင်းဆွေးနွေးသွားမည်ဟု မိုင်းအိုက်ဘုန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly