အယ်လ်ဘမ်အသစ်ထွက်ရှိမည့်ရက်ကို ကြေညာခဲ့သည့် ဂျက်စတင်တင်ဘာလိတ်ခ်

အယ်လ်ဘမ်အသစ်ထွက်ရှိမည့်ရက်ကို ကြေညာခဲ့သည့် ဂျက်စတင်တင်ဘာလိတ်ခ်

အမေရိကန်မှ နာမည်ကျော်အဆိုတော် ဂျက်စတင်တင်ဘာလိတ်ခ်သည် Man of the Woods ဟု အမည်ပေး ထားသော သူ၏ အယ်လ်ဘမ်အသစ် ထွက်ရှိမည့်ရက်နှင့် လာမည့်သောကြာနေ့တွင် ထွက်ရှိမည့် သီချင်းအသစ် တစ်ပုဒ်နှင့်ပက်သက်၍ သူ၏လူမှုမီဒီယာအကောင့်များမှတဆင့် ပရိသတ်များကို အသိပေးခဲ့သည်။

သူ၏သီချင်းအယ်လ်ဘမ်အသစ်ကို လာမည့်ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ဖြန့်ချီသွားမည်ဖြစ်ပြီး ယင်းရက်မှာ ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင်ကျင်းပမည့် နာမည်ကျော် အမေရိကန်ဘောလုံးပြိုင်ပွဲ Super Bowl ၏ ပွဲဝက် အနားယူချိန်၌ပြုလုပ်မည့် သူ၏ ဖျော်ဖြေပွဲမတိုင်မီ ၂ ရက်အလိုတွင်ဖြစ်သည်။

“ဒီအယ်လ်ဘမ်ဟာ ကျနော့်ရဲ့ သား၊ ဇနီး၊ မိသားစုနဲ့ပက်သက်လို့ စိတ်ကူးဉာဏ်ကွန့်မြူးပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ကျနော်ရေးသားဖန်တီးခဲ့တဲ့ အခြားအယ်လ်ဘမ်တွေထက်ကို ဒီအယ်လ်ဘမ်က ပိုပြီးလေးနက်ပါ တယ်။ ပိုပြီးပုဂ္ဂိုလ်ရေးဆန်ပါတယ်” ဟု ဂျက်စတင်တင်ဘာလိတ်ခ်က ပြောခဲ့သည်။

တင်ဘာလိတ်ခ်သည် လာမည့်ဖေဖေါ်ဝါရီလ ၄ ရက်နေ့ တနင်္ဂနွေနေ့တွင် မီနီယာပိုလစ်ရှိ U.S Bank အားကစားကွင်းတွင် ကျင်းပပြုလုပ်မည့် နာမည်ကျော် Super Bowl ပြိုင်ပွဲ၏ ပွဲဝက်ရပ်နားချိန်တွင် သူ၏ အယ်လ်ဘမ်အသစ်ထဲမှ သီချင်းများကို သီဆိုဖျော်ဖြေသွားနိုင်ချေရှိိကြောင်း သိရသည်။

Ref: Variety

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required