အကြမ်းဖက်များကို ကာကွယ်ပေးထားသည်ဟု ထရမ့်၏ အပြောကြောင့် ကန်သံအမတ်ကြီးအား ပါကစ္စတန်က သမ္မန်ဆင့်ခေါ်

အကြမ်းဖက်များကို ကာကွယ်ပေးထားသည်ဟု ထရမ့်၏ အပြောကြောင့် ကန်သံအမတ်ကြီးအား ပါကစ္စတန်က သမ္မန်ဆင့်ခေါ်

 

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၂ ။             ။ အစွန်းရောက်အကြမ်းဖက်များနှင့် ပတ်သက်ပြီး ပါကစ္စတန်က လိမ်ညာခြင်းကြောင့် အကူအညီဖြတ်တောက်မည်ဟု အမေရိကန်သမ္မတ ခြိမ်းခြောက်ပြောဆိုလိုက်ပြီးနောက်တွင် ပါကစ္စတန်နိုင်ငံက အမေရိကန်သံအမတ်ကြီးအား သမ္မန်ဆင့်ခေါ်လိုက်သည်။

အစွန်းရောက်အကြမ်းဖက်များအား လုံခြံုမှုပေးနေသည်ဟု ထရမ့်၏ စွပ်စွဲချက်ကို စိတ်ဆိုးမာန်ဆိုးဖြင့် ပါကစ္စတန်က တုံ့ပြန်လိုက်ပြီးနောက် သံအမတ်ကြီး ဒေးဗစ်ဟေးအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဇန်နဝါရီ ၁ ရက်တွင် လာရောက်ရန် ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သံအမတ်ကြီး ဟေးက ပါကစ္စတန်တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြီး မည်သည့်အကြောင်းအရာများ ပြောဆိုခဲ့သည်ဆိုခြင်းအား မှတ်ချက်မပေးပေ။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ လတ်တလောတုံ့ပြန်မှုမျိုး မတွေ့ရသေးသော်လည်း အမျိုးသားလုံခြံုရေးကောင်စီက ဇန်နဝါရီ ၂ ရက်နှောင်းပိုင်းတွင် အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပကြောင်း စစ်တပ်ပြောခွင့်ရသူတစ်ဦးက တွစ်တာတွင် ဖော်ပြခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်၏ ၂၀၁၈ ၏ ဦးဆုံးတွစ်တာပို့စ်ကို ပါကစ္စတန်အား အထိနာစေဆုံးဖြစ်စေမယ့် စကားလုံးများဖြင့် ရေးသားကာ ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

“အမေရိကန်နိုင်ငံဟာ ပြီးခဲ့တဲ့ ၁၅ နှစ်မှာ ပါကစ္စတန်ကို ဒေါ်လာ ၃၀ ဘီလီယံကျော်ထက်မနည်း ရူးနှမ်းစွာ ကူညီပေးနေခဲ့မိတယ်။ သူတို့ဆီကတော့ ဘာမှ ကျွန်တော်တို့အတွက် ပြန်မရဘူး။ ဒါပေမယ့် အလိမ်၊ အညာ၊ ဖုံးဖိမုသားတွေပဲ ပြန်ရတယ်။ ကျွန်တော်တို့ အမေရိကန် ခေါင်းဆောင်တွေကို သူတို့က အရူးတွေလို့ ထင်မှတ်ထားကြတယ်။”ဟု ထရမ့်က ရေးသားလိုက်ခြင်း ဖြစ်သည်။

ထိုပြင် “အာဖဂန်နစ္စတန်နိုင်ငံမှာ ကျွန်တော်တို့ ရှာဖွေနေတဲ့ အစွန်းရောက်တွေကို သူတို့က လုံခြံုမှုပေးထားတယ်။ ကျွန်တော်တို့အတွက် အကူအညီ ရတာ မဖြစ်စလောက်ရယ်။ ဘာမှ အသုံးမဝင်ဘူး။”ဟုလည်း ရေးသားသည်။

ထိုသို့ ထရမ့်၏ ရေးသားပြောဆိုမှုကို ပါကစ္စတန်က ချက်ချင်းတုံ့ပြန်ပြီး ၎င်းတို့အနေဖြင့် အယ်ခိုင်ဒါကို အမြတ်ဖြုတ်ရာတတွင် အမေရိကန်ကို များစွာကူညီပေးခဲ့ကြောင်း ပြောသည်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးများကလည်း စိတ်ဆိုးအမျက်ထွက်သော မှတ်ချက်များ ပေးကာ တုံ့ပြန်သည်။

ထရမ့်၏ အဆိုပါ တွစ်တာရေးသားမှုတွင် အသေးစိတ် မပါ၀င်ပေ။ သို့သော် သြဂုတ်လအတွင်းက အာဖဂန်နစ္စတန်နှင့်ဆိုင်သော မူဝါဒမိန့်ခွန်းပြောဆိုမှုတွင် ပါကစ္စတန်အား အကူအညီဖြတ်တောက်မည်ဖြစ်ကြောင်း အရိပ်အမြွတ်ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required