နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှုဖြင့် အလိုရှိသော ဗီယက်နမ်အေဂျင့် စင်ကာပူတွင် ဖမ်းမိ

နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှုဖြင့် အလိုရှိသော ဗီယက်နမ်အေဂျင့် စင်ကာပူတွင် ဖမ်းမိ

 

စင်ကာပူ၊ ဇန်နဝါရီ ၂ ။         ။ ဗီယက်နမ်နိုင်ငံတွင် နိုင်ငံတော်လျှို့ဝှက်ချက်များ ပေါက်ကြားစေမှုသည် စွပ်စွဲချက်ဖြင့် အလိုရှိနေသော ပြည်ပြေး ဗီယက်နမ်ထောက်လှမ်းရေးအရာရှိတစ်ဦးကို စင်ကာပူတွင် ဖမ်းဆီးရမိကြောင်း ၎င်း၏ ရှေ့နေဖြစ်သူ ဇန်နဝါရီ ၂ ရက်က ပြောသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့က ဖန်ဗန်အန်ဗူးဆိုသူကို မလေးရှားနိုင်ငံအတွင်း ၀င်ရောက်ရန် ကြိုးစားစဉ် နယ်စပ်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဗီယက်နမ် ဒါနန်းမြို့ရှိ ရဲတပ်ဖွဲ့က အသက် ၄၂ နှစ်ရှိ ဖန်ဗန်သည် နိုင်ငံတော်လျှို့ဝှက်ချက်များကို ထုတ်ဖော်ရန် လုပ်ဆောင်လာသည်ဟု ပြောဆိုထားသော်လည်း အသေးစိတ် ထုတ်ပြန်ခြင်း မရှိပေ။

အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည့် ဖန်ဗန်သည် ဗီယက်နမ်ထောက်လှမ်းရေးတွင် အကြီးတန်းအရာရှိတစ်ဦးဖြစ်ကြောင်း ၎င်း၏ မိသားစုနှင့် တွေ့ဆုံခဲ့သည့် ရှေ့နေဖြစ်သူ ချိုးက အေအက်ဖ်ပီသို့ အတည်ပြုသည်။

“သူ့မိသားစုတွေက စိုးရိမ်နေတယ်။ စင်ကာပူကနေပြီး သူ့ကို နေရင်းဗီယက်နမ်ဆီ ပြန်ပို့မှာကို စိုးရိမ်နေတယ်။”ဟု ချိုးက ဆိုသည်။

“သူက ဥရောပကို နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားပါတယ်။ ဘယ်နိုင်ငံလည်းဆိုတာ ကျွန်တော် မသိပေမယ့် အတည်ပြုနိုင်ပါတယ်။”ဟု ၎င်းက ပြောသည်။

ဖန်ဗန် ဖမ်းဆီးခံထားရကြောင်းကို ၎င်း၏ နောက်ရှေ့နေတစ်ဦးကလည်း အတည်ပြုသည်။ သို့သော် ရှေ့နေများအနေဖြင့် ၎င်းနှင့် တွေ့ဆုံခွင့် မရသေးပေ။

စင်ကာပူအာဏာပိုင်များက ထင်မြင်ချက်ပေးရန် မေးမြန်းခြင်းအား လတ်တလော ပြန်လည်တု့ံပြန်ခြင်း မရှိသေးကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required