အောင်ရဲထွေး ဦးခေါင်းတွင် ရရှိသောဒဏ်ရာဖြင့် ကွယ်လွန်

အောင်ရဲထွေး ဦးခေါင်းတွင် ရရှိသောဒဏ်ရာဖြင့် ကွယ်လွန်

 

ရန်ကုန်၊ ဇန်နဝါရီ ၂ ။           ။ ဖေ့ဘွတ်ခ်ဆယ်လီနှင့် သရုပ်ဆောင်တစ်ဦးဖြစ်သည့် အောင်ရဲထွေး (ခ) ရဲထွေးအောင် သည် ဒီဇင်ဘာ ၃၁ ရက်ညပိုင်းက ရရှိခဲ့သော ဒဏ်ရာများကြောင့် ယနေ့ (ဇန်နဝါရီ ၂ ရက်) မွန်းလွဲပိုင်း တွင် ကွယ်လွန်သွားပြီဟု ၄င်း၏မိတ်ဆွေဖြစ်သူ ကိုရှိုင်းဝင်းကပြောသည်။

“ နယူးရီးယား ညက သူ ကလပ်မှာ ပြဿနာတက်တယ်။ တက်ပြီးတော့ သူ ခေါင်းကို အရိုက်ခံရတယ်။ မနေ့ကတုန်းက အော်ပရေးရှင်းလုပ်တယ်။ အော်ပရေးရှင်း တော့ အောင်တယ်ပြောတယ်။ ဒီနေ့ကျတော့ ဒဏ်ရာက ပြင်းတဲ့အခါကျတော့ ဆုံးသွားတယ် “ ဟု အောင်ရဲထွေး၏ မိတ်ဆွေက ဆိုသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ညတွင် အရိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့တွင် ခွဲစိတ်မှုပြုလုပ်ခဲ့ကာ အောင်မြင်ခဲ့ကြောင်း၊ သို့သော်လည်း ရရှိခဲ့သည့် ဒဏ်ရာများမှာ ပြင်းထန်သောကြောင့် ယနေ့ (ဇန်နဝါရီ ၂ ရက် ) မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားခြင်းဟု သိရကြောင်း ကိုရှိုင်းဝင်းကဆိုသည်။

 “ ရဲထွေးအောင်ဆိုပြီး မနက် ၅ နာရီက တက်တယ်။ ရဲထွေးအောင် ၂၅ နှစ်နဲ့တော့ တက်တယ်။ ခုနလေးက ဆုံးသွားပြီ" ဟု ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်သိင်္ဂီမြင့်က မဇ္ဈိမသို့ ယနေ့ ညနေ ၄ နာရီ ၄၄ တွင် အတည်ပြုပြောသည်။

သရုပ်ဆောင် အောင်ရဲထွေး New Year ညက Clubတစ်ခုတွင် အမည်မသိလူအုပ်စုမှ ခေါင်းကိုသံဖိနပ်များဖြင့် ဝိုင်းဝန်းကန်ခံရရာမှ ဦးခေါင်းတွင် အပြင်းအထန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လုပ်တဲ့သူတွေတော့မမိသေးဘူး။ ရဲကစုံစမ်းနေတယ်။ မနေ့က စစ်စရာရှိတဲ့သူတွေ စစ်တာ ဘာညာတော့ လုပ်နေတယ်ဗျ" ဟု ၄င်း၏မိတ်ဆွေဖြစ်သူ ကိုရှိုင်းဝင်းက ပြောသည်။

သရုပ်ဆောင်အောင်ရဲထွေး (ခ) ရဲထွေးအောင် သည် လူမှုကွန်ယက် (Facebook) ပေါ်တွင် ဟာသဗီဒီယိုများတင်ကာ လူသိများလာသူလည်းဖြစ်ပြီး မကြာသေးခင်က သရုပ်ဆောင်အလုပ်များပါ လုပ်ကိုင်လျှက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly