စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို တာဝန်ဆက်လက် ထမ်းဆောင်ရန် မသင့်ဟု ရခိုင်ပြည်နယ်လွှတ်တော် ဆုံးဖြတ်

စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို တာဝန်ဆက်လက် ထမ်းဆောင်ရန် မသင့်ဟု ရခိုင်ပြည်နယ်လွှတ်တော် ဆုံးဖြတ်

ရန်ကုန်၊ ဇန်နဝါရီ ၂ ။             ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဦးမင်းအောင်အား ပေးအပ်သည့် တာဝန်များကို ဆက်လက်ထမ်း ဆောင်ရန်မသင့်ဟု ရခိုင်ပြည်နယ်လွှတ်တော်က အရေးပေါ်အစည်းအဝေးခေါ်ယူကာ ဆုံးဖြတ်လိုက်ကြောင်း ပေါက်တော (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက မဇ္စျိမသို့အတည်ပြုပြောသည်။

“ အကုန်လုံးလွှတ်တော်တက်တဲ့ကိုယ်စားလှယ်က ၄၅ ဦးပါအကုန်လုံးက။ ကန့်ကွက်တဲ့ဘက်က ၈ မဲရပါတယ်။ ကျန်တဲ့ဟာက အကုန်လုံးထောက်ခံမဲတွေပါ။ ထောက်ခံမဲဆိုတာက ဒီလိုပါ ဦးမင်းအောင်က ပေးတဲ့တာဝန်ကို ထမ်းဆောင်ရန်မသင့် ဆိုတဲ့ဘက်ကပေါ့နော် “  ဟု ၄င်းကဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် လွှတ်တော်မတက်သည့် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးကလွဲ၍ ကျန် ကိုယ်စားလှယ်များ ၄၅ ယောက်က ဆန္ဒမဲပေး ဆုံးြ့ဖတ်ခဲ့ကြခြင်းလည်းဖြစ်သည်။

လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ဦးမင်းအောင်ကို တာဝန်ဆက်လက်ထမ်းဆောင်ရန်မသင့်ဟူသည့်အဆိုပါ ထောက်ခံသူ ၃၇ မဲနှင့် ကန့်ကွက်မဲ ၈ မဲ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မဲခွဲဆုံးဖြတ်ချက်နှင့် ပက်သက်ပြီး မပြောလိုသော်လည်း စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာကို လွှတ်တော်တွင်ဖတ်ကြားခဲ့ခြင်း မရှိသည့်အပြင် အစိုးအဖွဲ့တွင် လည်း မိမိပြုလုပ်ခဲ့သည်များအပေါ်တွင် တစ်ခုချင်း ရှင်းပြခွင့်မရရှိခဲ့ဟု ဦးမင်းအောင်က ဆိုသည်။

“ သမ္မတ လက်မှတ်ထိုးဖို့ရှိမှာပေါ့။ သမ္မတက တင်လိုက်တာကို လက်မှတ်ထိုးရမှာပေါ့။ တစ်ဖက်မှာလည်း ကျွန်တော်တို့အနေအထားက တော့ ဒီဟာ ကဖွဲ့စည်းပုံနဲ့မညီဘူးဆိုတဲ့ အနေအထား အဓိပ္ပာယ်ဖွင့်ဖို့အတွက်ကို ဖွဲ့စည်းပုံခုံရုံးကို တင်ထားတာ သမ္မတကတစ်ဆင့် ပို့ထားတာတော့ ရှိပါတယ်။ ပြည်နယ် ၀န်ကြီးချုပ်က ပို့ထားတာပါ။ စွပ်စွဲချက်တွေက ဖွဲ့စည်းပုံနဲ့ ညီမညီကို အဓိပ္ပာယ်ဖွင့်ဖို့အတွက် ခုံရုံးကို ပို့ဖို့က သမ္မတကတစ်ဆင့်ပို့ထားတာတော့ ရှိတာပေါ့ “  ဟု ဦးမင်းအောင်ကပြောဆိုသည်။

စည်ပင်ဝန်ကြီးဦးမင်းအောင်အား လွှတ်တော်က စွပ်စွဲပြစ်တင်ထားသည်နှင့် ပတ်သက်ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးသို့ တင်ပြထားပြီးဖြစ်ကာ ယင်းခုံရုံးကို တင်ပြထားသည့် အဆုံးအဖြတ်ကို ရရှိပြီးမှသာလျှင် လွှတ်တော်အရေးပေါ်အစည်းအဝေး ကျင်းပပေးရန်အတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုက ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြည်နယ်လွှတ်တော်ကို မေတ္တာရပ်ခံစာ ပေးပို့ခဲ့သေးသည်။

ဦးမင်းအောင်အား လွှတ်တော်မှ ခန့်အပ်ထားသည့် စစ်ဆေးရေးအဖွဲ့က စုံစမ်း စစ်ဆေးမေးမြန်းသည့် အပြီးသတ်အစီရင်ခံစာကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံသို့ ပေးပို့ခဲ့ပြီး ယနေ့ (ဇန်နဝါရီ ၂ ရက်) တွင် အရေးပေါ် လွှတ်တော် အစည်းအဝေး ခေါ်ယူဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

လွှတ်တော်သို့တင်ပြသည့်အချိန်တွင် ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံမှ တာဝန်ဆက်လက်ထမ်းဆောင်ဖို့ မသင့်ဟု ဆုံးဖြတ်ပါက လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံ အစီရင်ခံရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတက ဝန်ကြီးအား ရာထူးမှ ရပ်စဲရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြ ထားသည်။

ဦးမင်းအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အမတ်တစ်ဦးလည်းဖြစ်ခဲ့သည်။ ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းများ ကြောင့်   နိုင်ငံတော်နှင့် ပြည်သူတို့ အကျိုးစီးပွားကို ထိခိုက်နစ်နာဆုံးရှုံးမှု များရှိနေသည်ဟုဆိုကာ လွှတ်တော်အမတ် ၁၇ ဦးကဒီဇင်ဘာလဆန်းပိုင်းတွင် စွပ်စွဲပြစ်တင်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required