“ကျုပ်စားပွဲပေါ်မှာ နျူကလီးယား ပစ်လွှတ်ခလုတ် အမြဲအသင့်ရှိနေတယ်”ဟု ကင်ဂျုံးအွန်က နှစ်သစ်ကူး မိန့်ခွန်းပြော

“ကျုပ်စားပွဲပေါ်မှာ နျူကလီးယား ပစ်လွှတ်ခလုတ် အမြဲအသင့်ရှိနေတယ်”ဟု ကင်ဂျုံးအွန်က နှစ်သစ်ကူး မိန့်ခွန်းပြော

ပြံုယမ်း၊ ဇန်နဝါရီ ၁ ။             ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်က ၎င်း၏ စားပွဲပေါ်တွင် နျူကလီးယားပစ်လွှတ် ခလုတ်က အမြဲအသင့်ရှိနေကြောင်း ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးအဖြစ် နိုင်ငံအား ရုပ်မြင်သံကြားမှ တစ်ဆင့်မိန့်ခွန်းပြောဆိုခဲ့သည်။

လက်နက်စီမံကိန်းများကြောင့် နိုင်ငံတကာတင်းမာမှုများ ဖြစ်နေစေသည့်ကြား မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားထိပ်ဖူးများနှင့် ဒုံးကျည်များကို ပိုမိုထုတ်လုပ်သွားရန် ကင်ဂျုံးအွန်အနေဖြင့် စိတ်ပိုင်းဖြတ်ထားကြောင်းကို ယင်းမိန့်ခွန်းတွင် တွေ့ရသည်။

အဆိုပါ မိန့်ခွန်းတွင် ပြီးခဲ့သည့် လများအတွင်း ဒုံးကျည်စမ်းသပ်မှုများနှင့် နိုင်ငံ၏ ခြောက်ကြိမ်မြောက်နှင့် အားအပြင်းဆုံး နျူကလီးယားစမ်းသပ်မှုဖြစ်သည့် စက်တင်ဘာလအတွင်းက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ််နိုင်ခြင်းတို့ကိုလည်း ကင်ဂျုံးအွန်က ချီးမွှမ်းပြောဆိုသည်။

“ကျူပ် စားပွဲပေါ်မှာ နျူကလီးယားခလုတ်က အမြဲရှိနေတယ်။ ဒါဟာ ခြိမ်းလုံးခြောက်လုံး မဟုတ်ဘူးဆိုတာ အမေရိကန်အနေနဲ့ စဉ်းစားရမယ်။ ဒါဟာ တကယ်ပဲဖြစ်တယ်။”ဟု ကင်ဂျုံးအွန်က ပြောသည်။

“ကျုပ်တို့ဟာ နျူကလီးယားထိပ်ဖူးတွေ၊ ပဲ့ထိန်းဒုံးကျည်တွေကို ပိုမို ထုတ်လုပ်သွားရမယ်။ တည်ဆောက်ဖွံ့ဖြိုးဖို့ ပိုပြီး အရှိန်မြှင့်သွားမယ်။”ဟု နိုင်ငံသို့ နှစ်ပတ်လည်မိန့်ခွန်းတွင် ၎င်းက ယခုကဲ့သို့ ပြောဆိုသည်။

မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားလက်နက်နိုင်ငံဖြစ်ရေး ရည်မှန်းချက်ပန်းတိုင်ကို တက်လှမ်းနိုင်ပြီဖြစ်ကြောင်း ၎င်းက အတည်ပြုပြောဆိုသော်လည်း လက်နက်စီမံကိန်း ချဲ့ထွင်ခြင်းမှာ ကာကွယ်ရေးအတွက်သာဖြစ်ကြောင်း အလေးအနက် ပြောသည်။

“ကျုပ်တို့ဟာ ရန်သူရဲ့ နျူကလီးယားစစ်ပွဲကို တန်ပြန်နျူကလီးယားတိုက်စစ် ရုတ်ခြည်း ဆင်နွှဲနိုင်ဖို့ အမြဲအသင့် ရှိနေရမှာ ဖြစ်တယ်။”ဟု ကင်ဂျုံးအွန်က ပြောခဲ့သည်။

ပြုံယမ်းသည် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများနှင့် အမေရိကန်၏ စစ်ရန်သံပါသော ပြောဆိုမှုများကြားကပင် ၂၀၁၇ ခုနှစ်အတွင်း နျူကလီးယား အင်အား ရရှိအောင် ကြိုးစားမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required