ထိုင်း ဖွဲ့စည်းပုံဥပဒေသစ်က ဒီမိုကရေစီကို နှိပ်ကွက်လိမ့်မည်ဟု စိုးရိမ်မှုများ ထွက်ပေါ်

ထိုင်း ဖွဲ့စည်းပုံဥပဒေသစ်က ဒီမိုကရေစီကို နှိပ်ကွက်လိမ့်မည်ဟု စိုးရိမ်မှုများ ထွက်ပေါ်

ဘန်ကောက်၊ သြဂုတ် - ၂၁ ။         ။ စစ်တပ်ကျောထောက်နောက်ခံဖြင့် ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒမှော ဒီမိုကရေစီနည်းမကျဘဲ၊ အစိုးရများကို ကွပ်ကဲရန် စစ်တပ်က ခန့်အပ်ထားသော မဟာဘုတ်အဖွဲ့ထံ အာဏာများ အလွန်အကျွံအပ်နှင်းထားခြင်းဖြင့် သဘောကွဲလွဲစရာဖြစ်လာနိုင်သည်ဟု ထိုင်းနိုင်ငံရေးသမားများက သြဂုတ်လ ၂၁ရက်နေ့က ၎င်းတို့၏ စိုးရိမ်မှုများကို ဖော်ပြခဲ့ကြသည်။

ထိုင်းနိုင်ငံ၏ အကြိမ်၂၀မြောက် အသစ်စက်စက်ရေးဆွဲထားသည့် ဖွဲ့စည်းပုံဥပဒေကို သြဂုတ်လ ၂၂ရက်နေ့တွင် အာဏာသိမ်းစစ်အစိုးရက ခန့်အပ်ထားသည့် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးကောင်စီ (NRC)သို့ တင်သွင်းမည်ဖြစ်သည်။ ထို့နောက် NRCက စက်တင်ဘာ၆ရက်နေ့တွင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ပါက ဖွဲ့စည်းပုံဥပဒေသစ်ကို ဇန်နဝါရီလတွင် လူထုဆန္ဒခံယူမည်ဖြစ်သည်။

နိုင်ငံရေးသမားများကမူ စက်တင်ဘာလ မဲခွဲဆုံးဖြတ်မှုတွင် ဖွဲ့စည်းပုံဥပဒေကို အတည်ပြုလိမ့်မည်ဖြစ်ကြောင်း၊ သို့ရာတွင် လူထုဆန္ဒခံယူရာတွင် ကန့်ကွက်ပယ်ချခံရပါက အစကပြန်ဆွဲ ရမည်ဖြစ်သောကြောင့် စစ်အာဏာသိမ်းအစိုးရက နောက်နှစ်နှောင်းပိုင်းတွင် ကျင်းပပေးမည်ဟု ကတိပြုထားသည့် ရွေးကောက်ပွဲမှာလည်း ကြန့်ကြာသွားနိုင်သည်ဟု ပြောကြားကြသည်။

နိုင်ငံရေးသမားများ အထူးသဖြင့်စိုးရိမ်နေကြသည့်အချက်မှာ လုံခြုံရေးတပ်ဖွဲ့များကို အကျပ်အတည်းများတွင် ဝင်ရောက်စွက်ဖက်ခွင့်ပြုထားသည့် စစ်တပ်က လွှမ်းမိုးသော အဖွဲ့ဝင်၂၃ဦးပါ အမျိုးသား မဟာဗျူဟာ ပြုပြင်ပြောင်းလဲရေးနှင့် ရင်ကြားစေ့ရေးကော်မတီကို ဖွဲ့စည်းရန် ဖွဲ့စည်းပုံတွင် အဆိုပြုထားခြင်းပင်ဖြစ်သည်။  
နိုင်ငံ၏ အဓိကပါတီကြီးများအနက်တစ်ခုဖြစ်သည့် ချတ်ထိုင်းပတ္တနာပါတီ၏ အကြံပေးတစ်ဦးဖြစ်သည့် နီကွန် ဂျမ်မောင်ကမူ ကော်မတီမှာ အစိုးရကို လွှမ်းမိုးနေသည့် မဟာဘုတ်နှင့် အလားသဏ္ဍာန်တူသည်ဟု ပြောသည်။
‘ဒါက ဒီမိုကရေစီမဆန်တဲ့ ဖွဲ့စည်းပုံဥပဒေတစ်ခုပါ။ ဘယ်နိုင်ငံရေးပါတီကမှ ဒီဖွဲ့စည်းပုံကို သဘောမတူဘူး’’ဟု နီကွန်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

‘ပြုပြင်ပြောင်းလဲရေးကော်မတီက အစိုးရတစ်ရပ်ရပ်ကို ထောက်ခံပြီး အာဏာအလွန်အကျွံ အပ်နှင်းလိုက်မယ်ဆိုရင် နိုင်ငံရေးအရ ပိုပြီးကွဲလွဲစရာတွေဖြစ်လာမှာပါ’’ဟုလည်း ကွန်နီက ပြောကြားခဲ့သည်။  

ဖြုတ်ချဖယ်ရှားခံရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာနှင့် ၎င်းအား အန္တရာယ်ဟု မြင်သည့် ဘုရင့်သစ္စာခံ စစ်တပ်တို့ကြား တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံရေးမှာ ဆယ်စုနှစ်ကြာ သည့်တိုင်အောင် ကွဲပြဲနေခဲ့သည်။

ဖွဲ့စည်းပုံဥပဒေသစ်မှာ အဓိကအားဖြင့် ၂၀၀၁ခုနှစ်ကတည်းက ရွေးကောက်ပွဲမှန်သမျှကို အနိုင်ရလာခဲ့သည့် သက်ဆင်နှင့် သက်ဆင်၏ အသိုင်းအဝိုင်းများ တစ်ကျော့ပြန်အာဏာရမလာအောင် တားဆီးရန် ရည်ရွယ်သည်ဟုလည်း ဝေဖန်သုံးသပ်သူများက ပြောကြားနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required