ရွှေတိဂုံဘိသေကနေကဇာတင်ပွဲသို့ နိုင်ငံတော်သမ္မတနှင့်ဇနီးတက်ရောက်

ရွှေတိဂုံဘိသေကနေကဇာတင်ပွဲသို့ နိုင်ငံတော်သမ္မတနှင့်ဇနီးတက်ရောက်
ဓာတ်ပုံ - သူရ (မဇ္ဈိ)
 

ရန်ကုန်၊ ဇန်နဝါရီ ၁ ။    ။ နိုင်ငံတော်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပနေသည့် သံယာအပါး(၁၈၀၀၀)ဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကနေကဇာတင် ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲကို ယနေ့ဇန်နဝါရီလ၁ရက်နေ့ မနက်၆နာရီမှစတင်ကာ ရွှေတိဂုံစေတီတော်၌ စတင်ကျင်းပခဲ့သည်။

၎င်းပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး၊ ပြည်ထောင်စုအစိုးရအဖွဲ့မှဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်ဇနီးတို့အပါအဝင် အစိုးရအဖွဲ့မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

အစိုးရအဖွဲ့မှ ပင့်ဖိတ်ထားသည့် သံယာတော်(၁၈၀၀၀)အား ရွှေတိရုံစေတီ၏ အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်၊ မြောက် ဘက် စသည့် မုဒ်များတွင် ၅၄၀၀စီနေရာချထားပြီး အောင်မင်္ဂလာဂါထာတော်လေးပုဒ်ဖြင့်ဘိသေကနေကဇာတင်ခြင်း ဆောင်ရွက်ခဲ့့သည်။

မနက်အစောပိုင်းမှစတင်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲ၊ ဘိသေကနေဇာတင်ပွဲ၊ ကိုးပါးသီလခံယူပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလူပွဲတို့ကို ယနေ့နေ့လည်ပိုင်းအထိ ကျင်းပခဲ့သည်။

မီဒီယာများအတွက် ဝင်ခွင့်ကတ်များအား မှတ်ပုံတင်၍ထုတ်ပေးထားသော်လည်း ပုဂ္ဂလိကရုပ်သံမီဒီယာတစ်ခုမှအပ ကျန်မီဒီယာများကို ရင်ပြင်ပေါ်တက်ကာ သတင်းရယူခွင့်ပိတ်ပင်ထားခဲ့သည်။

ယခုအခမ်းအနားကို ရွှေတိဂုံစေတီတော်တွင် ကျင်းပရန်အတွက် ဒီဇင်လာ၃၁ရက်နေ့ညနေအချိန်မှ ဇန်နဝါရီ၁ရက်နေ့ အခမ်းအနားပြီးဆုံးသည်အထိ ဦးဝိစာရလမ်း၊ အနောက်ရွှေဂုံတိုင်လမ်း၊ ရေတာရှည်လမ်း၊ ကြားတောရလမ်း၊ ဦးထောင်ဘိုလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ မြို့မကျောင်းလမ်း၊ အလုံလမ်း၊ အာဇာနည်လမ်း စသည့်တို့၏ လမ်းပိုင်းများကို ခေတ္တလမ်းပိတ်ကာ လမ်းလွဲပေးနေသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ပြုလုပ်နေသည့်ယခုပွဲအား လုံခြံရေးတင်းကြပ်သွားမည်ဟု ဒီဇင်ဘာ၂၂ရက်နေ့ ရွှေတိဂုံဗုဒ္ဓဘိသေနိကအနေကဇာတင်ပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့်ပတ်သတ်သည့် အစည်းအဝေး၌ ပြောကြားခဲ့သည်။

ရွှေတိဂုံစေတီတော်တွင် ယခုအခမ်းအနားအတွက် လုံခြံုရေးပိုင်းကို လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးအောင်စိုးမိုးက တာဝန်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required