ရေကြီးမှုကြောင့် ဧရာဝတီတိုင်းတွင် ကျောင်း ခုနှစ်ကျောင်း ပျက်စီးခဲ့

ရေကြီးမှုကြောင့် ဧရာဝတီတိုင်းတွင် ကျောင်း ခုနှစ်ကျောင်း ပျက်စီးခဲ့

ပုသိမ်၊ သြဂုတ် ၂၁ ။         ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဇူလိုင်၊ သြဂုတ် နှစ်လအတွင်း မြစ်ရေတိုးကာ ရေကြီးရေလျှံမှုများကြောင့် မူလတန်းလွန်ကျောင်း ခုနှစ်ကျောင်း ပျက်ဆီးခဲ့သည်ဟု တိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက မဇ္ဈိမကို ပြောသည်။

"ကျောင်းတွေ မြစ်ရေတက်ပြီးကမ်းပြိုတာတွေကြောင့် ဖြစ်တာပါ၊ တချို့ကျောင်းတွေ အသစ်ဆောက်ဖို့လုပ်ထားတဲ့ ကျောင်းတွေဖြစ်တယ်၊ ကျောင်းသားကျောင်းသူတွေမှာ အဲဒီလိုဖြစ်တာမှ ထိခိုက်မှုတော့ မရှိဘူး"ဟု လူမှုရေးဝန်ကြီး ဒေါ်ခင်စာမူက ပြောသည်။

လက်ရှိတွင် နေရာအချို့တွင် ရေမကျသေးသည့်အတွက် သွားလာရ ခက်ခဲသောကြောင့် ကျောင်းအချို့မှာ ပိတ်ထားရဆဲဖြစ်ပြီး အချို့နေရာများတွင်မူ ကျောင်းများကို ကယ်ဆယ်ရေးစခန်းအဖြစ် အသုံးပြုထား သည့်အတွက် ကျောင်းပိတ်ထားရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

အချို့ ရေနစ်မြုပ်သည့် ကျောင်းများမှာ အသစ်ပြန်ဆောက်ရမည့် အနေအထားတွင်ရှိသည်ဟုလည်း ပြောသည်။ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်တွင် တောင်တန် အ.မ.က ကျောင်းနှင့် အေးရွာ အ.မ.က ကျောင်း၊ ဇလွန်မြို့ ဗေဒံ အ.မ.က ကျောင်း၊ ညောင်တုန်းမြို့နယ်တွင် ရွှေသောင်ယံ အ.မ.က ကျောင်း၊ ဓနုဖြူမြို့တွင် ကျားဂျုံ အ.မ.က ကျောင်း၊ အင်္ဂပူမြို့တွင် ညောင်တုန်းကြီး အ.မ.က ကျောင်းနှင့် ဂွေးတောက် အ.မ.က ကျောင်းတို့မှာ အသစ်ပြန်ဆောက်ရမည့် အခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။

ကမ်းပြိုမှုကြောင့် R.C ၆၀ပေ၃၀ပေ ၄ကျောင်း၊ R.C ၉၀ပေ၃၀ ၁ကျောင်းနှင့် R.C ၄၅ပေ ၃၀ပေ ကျောင်း ၁ကျောင်း ပြိုကျခဲ့ပြီး ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းအတွင်း ကျောင်းပေါင်း ၁၆၀၀ ဝန်းကျင်ပိတ်ထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly