၂၀၁၇ ထဲမှ အချို့အကွေ့တစ်ချို့အား ကောက်နုတ်ခြင်း

၂၀၁၇ ထဲမှ အချို့အကွေ့တစ်ချို့အား ကောက်နုတ်ခြင်း

ဒီဇင်ဘာ ၃၁ ။             ။ ၂၀၁၇ သည် အပြောင်းအလဲကို အကောင်အထည်ဖော်သော ကာလ ဖြစ်သည်။ “ ပြောင်းလဲချိန်တန်ပြီ” ကာလ အလွန် အပြောင်းအလဲကို “ ပြည်သူနှင့်အတူ ” အကောင်အထည်ဖော်သောကာလ ဖြစ်သည်။ ၂၀၁၇ စုတ်ချက် များသည် ခပ်သွက်သွက် ခြယ်မှုန်းထားသည်။ တွန်းတွန်းတိုက်တိုက်နှင့် နိုင်ငံရေးမှ အစ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အလယ်၊ မီဒီယာတစ်ဖုံ၊ သယ်ယူပို့ဆောင်ရေး အဆုံး သရုပ်ဖော်ခဲ့ကြသည်။ သွက်လက်မှုများ နှင့်အတူ လိုအပ်ချက်များ ၊ ကျန်ရစ်ခဲ့သည်များ  ရှိနေဆဲဆိုသည်ကား ငြင်းမရသော အချက်များလည်း ဖြစ်သည်။

၂၀၁၇ ခုနှစ် (သို့မဟုတ် ) နိုင်ငံတော်၏အတိုင်ပင်ခံ ပြောသော ငြိမ်းချမ်းရေးနှစ်

၂၀၁၇ ခုနှစ်သည်  မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနှစ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က ပြောဆိုထားသည်။ သို့သော် ယခုနှစ်ထဲအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုက်ပွဲများက ပိုမိုဖြစ်လာနေပြီး  အထူးသဖြင့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC) နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်အကြား ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးရန် ဆွေးနွေးနေခြင်းများလည်း ရပ်တန့်ခဲသည်။

ရပ်တန့်သွားရသည့်ကိစ္စမှာ UNFC ၏ တောင်းဆိုချက် ၈ ချက်ထဲမှ အချို့အချက်များကို တပ်မတော်မှ ပြန်လည်ပြင်ဆင်ခဲ့သည့်အတွက်ကြောင့်ဟု ပြောဆိုထားကြပြီး UNFC အနေဖြင့် ဆုံးဖြတ်ချက်ချမှတ်နိုင်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ တွေ့ဆုံလိုကြောင်း စာပေးပို့ထားသော်လည်း အစိုးရဘက်မှအကြောင်း ပြန်ကြားခြင်း မရှိသေးပေ။

UNFC ၏တောင်းဆိုချက် ၈ ချက်ကို ၂ နှစ်ကျော်အောင် ဆွေးနွေးနေခြင်းနှင့် ပတ်သက်ပြီး နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ခူဦးရယ်က “ ကျွန်တော်တို့ ယုံကြည်မှုအဆင့်က ဘယ်မှာ ရှိနေလဲလို့မေးရင် သုည အဆင့်မှာ ရှိနေသေးသလားလို့ တခါတလေလည်း ကျွန်တော် အဲ့လို တွေးမိတယ်”  ဟု ပြောဆိုထားသည်။

ထိုကဲ့သို့ UNFC အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) လက်မှတ်ထိုးရန် အကြိတ်အနယ် ကြိုးစားနေချိန်တွင် အဖွဲ့ဝင်ဖြစ်သော ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏တပ်သား ၄ဦးနှင့် တပ်မတာ် လွိုင်ကော် ( ဒကစ ) တို့အကြား ကိစ္စအချို့ ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည်။

အဆိုပါ KNPP တပ်သား ၄ ဦး သေဆုံးခဲ့သည့် ပြသာနာကြောင့် UNFC အနေဖြင့် ငြိမ်းချမ်းရေးလက်မှတ်ထိုး ရန် ပြည်လည်စဉ်းစားသွားနိုင်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက သုံးသပ်ထားကြသည်။

အလားတူ ရက္ခိုင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (AA)၊ တအာဝ်း/ ပလောင်အဖွဲ့ (TNLA) ၊ ကချင် လွတ်လပ်ရေးအဖွဲ့ (KIA) တို့နှင့် တပ်မတော် တို့ ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ တိုက်ပွဲများ ဆက်တိုက် ဆိုသလို ဖြစ်ပွားနေသည်။

UNFC ဘက်မှ NCA အပစ်ရပ် လက်မှတ်ထိုးရန် ကြိုးပမ်းလာသော်လည်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေ သည့် အဖွဲ့အများစုပါ၀င်သည့် FPNCC ( ပြည်ထောင်စုနိုင်ငံရေး ညှိနှိုင်း ဆွေးနွေးရေး ကော်မတီ ) အနေဖြင့် NCA ကို လက်မခံဘဲ နိုင်ငံရေးဆွေးနွေးရန် အစိုးရဘက်ကို အဆိုပြုထားသည်။

FPNCC ကို “၀” အဖွဲ့မှ ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တရုတ်- မြန်မာ နယ်စပ် အခြေစိုက် ဝအဖွဲ့ (UWSA) ၊ တအာဝ်းလွတ်မြောက်ရေး အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့( KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့ဖြင့် ယခုနှစ် ဧပြီလအတွင်း၌ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အလားတူ NCA လက်မှတ်ရေးထိုးထားသည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လည်း လက်မှတ်ထိုးပြီးနောက်ပိုင်း အကောင်အထည်ဖော်ရာတွင် အခက်အခဲများရှိနေကြသည်။ ထို့ကြောင့် အပစ်ရပ်အဖွဲ့ ၈ ဖွဲ့က  NCA အရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST ) ဖွဲ့စည်းကာ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပခဲ့ပြီးနောက် ငြိမ်းချမ်းရေးဖြစ်စဉ်များကို ပြန်လည်သုံးသပ်ခဲ့ကြသည်။

လက်ရှိ အစိုးရနှင့် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများသည် ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ ဖြစ်ကြသည်။

ခြံုကြည့်ပါက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားခဲ့သည့် ငြိမ်းချမ်းရေးနှစ်ဖြစ်သည့် ၂၀၁၇ ခုနှစ်သည် အတက်၊ အကျ၊ အနိမ့်၊ အမြင့် များသည့် နှစ်ဟုဆိုရမည်ဖြစ်သည်။

မီဒီယာ လုပ်ငန်းများ အချိုးအကွေ့ ၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ နှစ် တစ်နှစ်

 ၂၀၁၇ ခုနှစ်သည် မြန်မာ့မီဒီယာလောကအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးနှစ်ဟု မြန်မာသတင်းမီဒီယာ ကောင်စီတာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးသီဟစောက ပြောဆိုလိုက်သည်။

နှစ်ဆန်းပိုင်းမှ စတင်ကာ သတင်းသမားများအနေဖြင့် ပုဒ်မအမျိုးမျိုးတပ် တရားစွဲဆိုုခြင်းများကို ခံနေရပြီး ယခု နှစ်ကုန်ပိုင်း၊ ဒီဇင်ဘာလအထိ ရိုက်တာသတင်းဌာန သတင်းထောက် ၂ ဦး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချား ဥပဒေ ပုဒ်မ ၁၃ ဖြင့် အရေးယူ ထိန်းသိမ်းခံထားရသည်။

" အစိုးရအဖွဲ့အတွင်းက လူတစ်ချို့ဟာ သတင်းစာလုပ်ငန်းကို ဒုစရိုက်မှုလုပ်ငန်း ဒါမှမဟုတ် နိုင်ငံတော်ရဲ့ ရန်သူလို့ အသိအမှတ်ပြုနေတယ် ဆိုတဲ့ သဘောထားက ထင်ထင်ရှားရှားတွေ့ရပါတယ်။ အဲ့ဒီအပေါ်မှာ တော်တော်စိတ်မကောင်း ဖြစ်သလို တော်တော်လည်း ဒေါသထွက်မိပါတယ် " ဟု ၀ါရင့်သတင်းစာဆရာ ဦးရဲနိုင်မိုးက ရိုက်တာ သတင်းသမားဦး တရားစွဲဆိုခံရသည့်ကိစ္စနှင့် ပက်သက်ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့က ဝေဖန်ပြောဆိုသည်။

၂၀၁၇ တွင် နိုင်ငံပေါင်း  ၁၈၀ အနက် မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့်အဆင့် ၁၃၁ ရှိနေသည်ဟု  နယ်စည်းမခြားသတင်းထောက်များအဖွဲ့မှ ခန့်မှန်းသည်။

သို့သော် သတင်းလွတ်လပ်ခွင့်အဆင့်များ ဖော်ပြရာတွင် အဖြူရောင်(ကောင်းမွန်အဆင့်)၊ အဝါရောင် (အသင့် တင့် ကောင်းမွန်အဆင့်)၊ လိမ္မော်ရောင်(ပြဿနာရှိ အဆင့်)၊ အနီရောင်(ဆိုးရွားအဆင့်)၊ အနက်ရောင် (အလွန်ဆိုးရွားအဆင့်)ဟူ၍ အဓိပ္ပာယ် သတ်မှတ်ပေးထားပြီး မြန်မာနိုင်ငံမှာ အနီရောင်(ဆိုးရွားအဆင့်)၌ ရှိနေသည်။

အလားတူ ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် သတင်းရယူမှု ပိုခက်ခဲလာကြောင်း မြန်မာသတင်းမီဒီယာ ကောင်စီ၏ အထွေထွေအတွင်းရေးမှူး  ဦးသီဟစောက ပြောဆိုထားသည်။

 “ သတင်းက အရင်ကနဲ့စာရင် ပိုခက်လာတယ်။ အရင်လူတွေက ပြောချင်တဲ့ဟာကို ပြောကိုပြောတယ်။ မပြောချင်တဲ့ဟာဆို သိကိုမသိရဘူး။ အခုက ပြောသင့်တာလည်း မပြောဘူး။ မပြောသင့်တာလည်းမပြောဘူး။ အဲ့တော့ ပြောသင့်တဲ့ ဟာတွေပြောလာအောင်လို့ သူတို့ကိုဖျောင်းဖျရတာပေါ့နော်။ အဲဒါမျိုးဖြစ်လာအောင် ကြိုးစားတယ်။ အဲ့ဒီ ၂၀၁၇ ထဲမှာ အဲ့လိုမျိုး သတင်းရယူခွင့်နဲ့ပက်သက်လို့ သတင်းဥပဒေနဲ့ပက်သက်လို့ အဲ့လိုမျိုး ကြိုးစားမှုတွေ လုပ်ပိုင်ခွင့်တွေရှိလာတယ် “ ဟု ဦးသီဟစောက ပြောဆိုထားသည်။

၂၀၁၇ ခုနှစ်အတွင်း သတင်းသမားများကိုစွဲဆိုခဲ့သည့် ဥပဒေပုဒ်မအမျိုးမျိုးရှိခဲ့သောလည်လည်း ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)၊ မတရားအသင်း ဆက်သွယ်မှု ၁၇ (၁) တို့ကို အများဆုံး ဖြစ်သည်။

သို့သော်လည်း အသရေဖျက်မှု၊ ပို့ကုန်သွင်းကုန် ဥပဒေတို့ဖြင့် ဖမ်းဆီးအရေးယူခံရသူများလည်းရှိပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ကဲ့သို့ ထောင်ဒဏ် ၁၄ နှစ်ကဲ့သို့ နှစ်ရှည်ထောင်ချနိုင်သည့် ပုဒ်မများဖြင့်လည်း ကြံုတွေ့ခဲ့ရသည်။

တအာဝ်း/ ပလောင် (TNLA) ထိန်းချုပ်နယ်မြေကိုသွား ရောက်သတင်းရယူသည့် ဧရာဝတီနှင့် DVB သတင်းဌာနက သတင်းသမားများအဖမ်းခံခဲ့ရပြီး နေပြည်တော်လွှတ်တော်အဆောက်အဦပုံအား ဒရုန်းဖြင့်ရိုက်ကူးရန် ပြုလုပ်ခဲ့သည့် တူရကီအခြေစိုက် TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူတစ်ဦး၊ စင်္ကာပူနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား ၂ ဦးသည်လည်းအရေးယူခံခဲ့ရသည်။

ထို့အပြင် ရခိုင်တိုင်းရင်းသားသရော်စာရေးသားသူတစ်ဦး ဓားဖြင့်အထိုးခံခဲ့ရပြီး တနင်္သာရီတိုင်းတွင်လည်း သရော်စာရေးသားမှုကြောင့် တိုင်းအစိုးရ၏ တရားစွဲဆိုမှုကို ခံနေရသည်။

အလားတူ သတင်းရယူပိုင်ခွင့်တွင်လည်း နိုင်ငံတကာမှ စိတ်ဝင်စားနေသည့် ရခိုင်အရေးနှင့် ပတ်သက်ပြီး အစိုးရ ထုတ်ပြန်ချက်များသာ ကိုးကားရေးသားရပြီးလက်တွေ့ မြေပြင်ကွင်းဆင်းသတင်းရယူမှု၌ အခက်အခဲ များ ရှိနေသည်။

မည်သို့ပင်ဆိုစေကာမှု မြန်မာနိုင်ငံနှင့်ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများထဲတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်မှာ အိန္ဒိယနိုင်ငံတွင် အဆင့်၁၃၆၊ ထိုင်းနိုင်ငံတွင် ၁၄၂၊ ဘင်္ဂလားဒေရှ်နိုင်ငံတွင် ၁၄၆၊ လာအိုနိုင်ငံတွင် အဆင့်၁၇၀၊ တရုတ်နိုင်ငံတွင် အဆင့် ၁၇၆ ရှိနေ သည့်အတွက် အိမ်နီးချင်းနိုင်ငံများနှင့် စာလျှင် အခြေအနေကောင်းနေသေးသည်ဟု ပြောရမလိုလိုပင် ဖြစ်သည်။

ထို့ကြောင့် ၂၀၁၇ ခုနှစ်အတွင်း ဖြတ်သန်းခဲ့ရသည့် သတင်းမီဒီယာလောက အတွေ့အကြံုများနှင့် ပတ်သက်ပြီး ဦးသီဟစောက “ သတင်းမီဒီယာ လောကမှာ စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံးနှစ်လို့တော့ ပြောလို့ရတယ်၊ အတက်အကျတွေ အများကြီး ရှိတယ်၊ တစ်ကမ္ဘာလုံး နဲ့ဆိုင်တဲ့ သတင်းတွေရှိတယ်၊ အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတဲ့ နှစ်လို့တော့ ပြောရမယ်”  ဟု သုံးသပ်လိုက်သည်။

  ၂၀၁၇ ကတော့ ကုန်ခဲ့ပြီ ။ ၂၀၁၈မှာ ဘာတွေ ကြံုတွေ့ရမလဲဆိုတာ ပြည်သူများ စောင့်ကြည့်ပြီး သုံးသပ်အကဲဖြတ်ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required