ရေဘဝဲအစိမ်းရောင်ဆောစ့်

ရေဘဝဲအစိမ်းရောင်ဆောစ့်

မင်္ဂလာပါ ။             ။နှစ်ကူးရက်လေးလည်း နီးလာပြီဆိုတော့ နှစ်ကူးညမှာ မိသားစုတွေ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စားသောက်ရင်း ဖြတ်သန်းကြမယ့်သူတွေအတွက် ရေဘဝဲ အစိမ်းရောင်ဆောစ့် လုပ်နည်းလေး ပြောပြပေးချင် ပါတယ်။ လွယ်လွယ်ကူကူနဲ့ အရသာရှိတဲ့ ရေဘဝဲ အစိမ်းရောင်ဆောစ့် လုပ်တော့မယ်ဆိုရင် လိုအပ်တာတွေ ကတော့

ရေဘဝဲအကောင်သေး ၃၀သား (ရေဆေးသန့်စင်ပြီး ဆား ခရုဆီ အနည်းငယ်နယ်နှပ်ထားပါ)

နံနံပင် နဲ့ နံနံပင် အမြစ် အနည်းငယ်

ငါးငံပြာရည် အနည်းငယ်

သကြားညို အနည်းငယ်

သံပုရာသီး အနည်းငယ်

ကြက်သွန်ဖြူ အနည်းငယ်

ငရုတ်သီးစိမ်း အနည်းငယ် လိုအပ်ပါတယ်။

ရေဆေးသန့်စင်ပြီး ဆား၊ ခရုဆီ အနည်းငယ်နယ်နှပ်ထားတဲ့ ရေဘဝဲကို ပေါင်းအိုး နဲ့ ၅ မိနစ်ပေါင်းပါ။ ကြိုက်နှစ်သက်ရာ အရွက်လေးတွေ ထည့်ပေါင်းပါ။ ပင်လယ်စာတွေက နူးညံံ့ပြီးသားမို့ အကြာကြီး ချက်ပြုတ်ဖို့ မလိုပါဘူး။

၅ မိနစ်နေရင် တော့ အအေးခံထားပါ။ အခုလို ပေါင်းထားလို့ အချိုရည်လည်း မထွက်ဘဲ မွှေးနေတဲ့ ရေဘဝဲလေးပါ။

သူနဲ့ တွဲစားဖို့ အစိမ်းရောင် ဆောစ့်ကတော့ နံနံပင် ကြက်သွန်ဖြူ နံနံပင်အမြစ် သကြား ငံပြာရည် သံပုရာသီးတို့ကို ရောကြိတ်လိုက်ပါ။ အရသာ အပေါ့အငန် လိုတာထပ်ဖြည့်ပါ။

အချဉ်ရည်အရသာကြိုက်ပြီဆိုရင်တော့ ရေဘဝဲလေးပေါ် ဆမ်းပြီး စားလို့ရပါပြီ။ အရသာစူးရှရှနဲ့ ရေဘဝဲ အစိမ်းရောင်ဆော့စ် လေးပါ။ နှစ်ကူးညမှာ တစ်ပျော်တပါးလုပ်စားရင်းပျော်ရွှင်နိုင်ကြပါစေ။ ပေစိလက်ရာ အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required