အလုပ်သမားအနိမ့်ဆုံး လုပ်ခ အခြေခံလစာ တစ်ရက်လျှင် ၄၈၀၀ ကျပ် သတ်မှတ်ရန် ဆုံးဖြတ်

အလုပ်သမားအနိမ့်ဆုံး လုပ်ခ အခြေခံလစာ တစ်ရက်လျှင် ၄၈၀၀ ကျပ် သတ်မှတ်ရန် ဆုံးဖြတ်

နေပြည်တော်၊ ဒီဇင်ဘာ ၂၉။        ။ အလုပ်သမားတစ်ဦးလျှင် အနိမ့်ဆုံး လုပ်ခ လစာ တစ်ရက်လျှင် ၅၆၀၀ ကျပ် တောင်းဆိုထားရာ ၄၈၀၀ ကျပ် သတ်မှတ်ရန် ဆုံးဖြတ်လိုက်သည်။

ယနေ့ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းမှ ညနေအထိ ဆွေးနွေးခဲ့သော အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးအရ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အလုပ်သမားများဘက်က တစ်နေ့လျှင် အနိမ့်ဆုံးလုပ်ခလစာနှုန်းထား ကျပ် ၅၆၀၀ တောင်းဆိုထားခြင်း ဖြစ်ပြီး အစိုးရဘက်မှ ၄၈၀၀ ကျပ် သတ်မှတ်လိုက်ခြင်းလည်း ဖြစ်သည်။

အစည်းအဝေးအပြီးတွင် အနိမ့်ဆုံးလုပ်ခလစာတစ်ရက်လျှင် ကျပ်၄၈၀၀ ကို သတ်မှတ်ရန် ဆုံးဖြတ်ခဲ့သည် ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက ပြောသည်။

“အမျိုးသား ကော်မတီ အစည်း အဝေးကနေမှ အနိမ့်ဆုံး လုပ်ခ လစာကို ၄၈၀၀ သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ပြီးတော့ အနည်းဆုံးအလုပ်သမား အရေ အတွက်ကတော့ ၁၀ ဦး နဲ့ အထက် သတ်မှတ်လိုက်ပါတယ်” ဟု ဦးသိန်းဆွေက ပြောသည်။

၄င်းလုပ်ခလစာသည် တစ်နိုင်ငံလုံးရှိ ကျွမ်းကျင်မှု မရှိသောဝန်ထမ်း အသစ်များအတွက် ဖြစ်ပြီး၊ ကျွမ်းကျင်မှုရှိသောဝန်ထမ်းများအတွက် ကျွမ်းကျင်မှုအလိုက် ပေးရမည်ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ကျပ် ၄၈၀၀ အပေါ် ကနဦးအနေဖြင့် ရက်ပေါင်း ၆၀ စတင်သတ်မှတ်ထားပြီး အဆိုပါရက် ၆၀အတွင်း အလုပ်ရှင်ဘက်ကသော်လည်းကောင်း၊ အလုပ်သမားဘက်ကသော်လည်းကောင်း ကျေနပ်မှု မရှိပါက တင်ပြနိုင်ပြီး တင်ပြမှုမရှိပါက အဆိုပါ ကျပ် ၄၈၀၀ ကို အတည်ပြု သတ်မှတ်မည် ဖြစ်သည်။

“ရက် ၆၀ မှာ အဆိုပြုတာတွေ မရှိဘူးဆိုရင် အတည်ဖြစ်သွားမယ်၊ အစိုးရ အဖွဲ့ကို တင်ပြရဦးမယ်လေ ။ အစိုးရ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ အတည်ပြုရမှာဖြစ်ပါတယ်” ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါ လုပ်ခလစာ တစ်နေ့လျှင် ၄၈၀၀ အပေါ် လုပ်ငန်းရှင်များဘက်မှ ကန့်ကွက်ခဲ့ကြောင်း သိရသည်။

“မပေးနိုင်ကြောင်း ကန့်ကွက်ခဲ့တယ်။ အလုပ်ရှင်တွေ တခြားလုပ်ငန်းရှင်တွေလည်း ကန့်ကွက်ခဲ့တယ် ။ ကျွန်မက ထုတ်လုပ်မှု ကဏ္ဍကနေ ကန့်ကွက်ခဲ့တယ်။ ခုနက Service Center ကလည်း ကန့်ကွက်တာပဲ။ Trading ကလညး် ကန့်ကွက်တာပဲ” ဟု ကုန်ထုတ်လုပ်ငန်းအဖွဲ့အစည်း ကိုယ်စားလှယ် မြန်မာနိုင်ငံ အထည်ချုပ်ငန်းရှင်များ အသင်းမှ ဒေါ်ခိုင်ခိုင်နွယ် က ပြောသည်။

ထိုသို့ ကန့်ကွက်ခဲ့ရခြင်းသည် မြန်မာနိုင်ငံတွင် အလုပ်ပိတ်ရက်တွင် ကုန်ထုတ်လုပ်မှု မရှိဘဲ လုပ်ခပေးရခြင်း၊ အချိန်ပိုလုပ်ခအား တခြားနိုင်ငံများထက် ၂ဆ ပိုပေးရခြင်း၊ အခြားနိုင်ငံတွင် အလုပ်ချိန် ၆ ရက် ဆင်းရသော်လည်း မြန်မာနိုင်ငံတွင် ၅ ရက်ခွဲ လုပ်ရသည့် အလုပ်မျိုးအတွက် ၀န်လေးခြင်း၊ အခွန်စရိတ်ကြီးခြင်း၊ သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်ခြင်း ၊ ပြည်တွင်းထုတ်လုပ်မှု စရိတ်ကြီးခြင်း၊ လျှပ်စစ်ဓာတ်အား အပြည့်ဝ မရသည့်အတွက် အပြင်စွမ်းအင် ၀ယ်ယူရသည့်အတွက် စရိတ်ကြီးခြင်း၊ ဘဏ်အတိုးနှုန်းကြီးမြင့်ခြင်းတို့ ကြောင့် ဖြစ်သည်ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောဆိုသည်။

၄င်း လုပ်ခ နှုန်းထားသည် အလုပ်သမားများဘက်မှ ၅၆၀၀ တောင်းထားသော်လည်း ၄၈၀၀ သတ်မှတ်လိုက်ခြင်းသည် မျှော်လင့်ထားသည့် နှုန်း မဟုတ်ကြောင်း မြန်မာနိုင်ငံ စက်မှု လက်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပအလုပ်သမားကိုယ်စားလှယ် ဦးနော်အောင်က ပြောသည်။

လုပ်ခလစာ နှုန်းထားသတ်မှတ်ရေးအပြင် အလုပ်သမားများ၏ နှစ်တိုးကြေးကို လုပ်ခ၏ ၅ ရာခိုင်နှုန်းတိုးပေးရန်၊ အဆိုပါ နှစ်တိုးကြေးအပြင် ကျွမ်းကျင်ကြေးကိုပါ ထပ်မံထည့်သွင်းပေးရန် အဆိုတင်သွင်းခဲ့ကြောင်း အလုပ်သမားများဘက်က သိရသည်။

“အလုပ်သမားတွေကို တော့ ကျွန်တော်တို့ကတော့ အလုပ်သမားတွေ မကျေနပ်ဘူးဆိုတဲ့ဟာကို လောလောဆယ်။အလုပ်သမားတွေ အနေနဲ့ ဒီနှုန်းထားကိုအရင် ကာလ တစ်ခုတော့ ကျင့်သုံးသွားတာကို အလုပ်သမားတွေ အနေနဲ့ စောင့်ကြည့်လိမ့်မယ်လို့ ယူဆတယ်ပေါ့ဗျာ။ဒီကာလပြီးလို့ တကယ် အဆင်မပြေနိုင်ဘူးဆိုလည်း အဆင်မပြေနိုင်တဲ့ အကြောင်းတစ်ရပ်ပေါ်လာမှာပေါ့” အလုပ်သမား ကိုယ်စားလှယ် ဦးနော်အောင်က ပြောသည်။

အဆိုပါ အစည်းအဝေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမြဲတမ်းအတွင်းဝန်များ ၊ညွှန်ကြားရေးမှူးချုပ်များနှင့် အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required