ပရော်ဖက်ရှင်နယ် ပွဲစဉ်များကို အောင်ဆန်းကွင်း၌ မကျင်းပသင့်ဟု မာဂျန်ဝေဖန်

ပရော်ဖက်ရှင်နယ် ပွဲစဉ်များကို အောင်ဆန်းကွင်း၌ မကျင်းပသင့်ဟု မာဂျန်ဝေဖန်
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တစ်ပွဲ၏ ပထမပိုင်းအပြီး၌ အောင်ဆန်းကွင်းအား ပြန်လည်ပြင်ဆင်နေပုံကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

သြဂုတ် ၂၀၊ ရန်ကုန် ။        ။ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းပွဲစဉ်များကို ကျင်းပပြုလုပ်လျက်ရှိသည့် အောင်ဆန်းကွင်း၏ မြက်ခင်းအနေအထားသည် ပရော်ဖက်ရှင်နယ် အဆင့် ပွဲစဉ်များကို မကျင်းပသင့် ဟု ဧရာဝတီနည်းပြချုပ် မာဂျန် က ဝေဖန်ခဲ့သည်။ ယခုနှစ် ၂၀၁၅ ဘောလုံးရာသီ၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အထိမ်းအမှတ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပွဲစဉ်များအားလုံးကို အောင်ဆန်းကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည်။

“ ကျွန်တော်အနေနဲ့ ပြောရရင် ဗိုလ်ချုပ်ဒိုင်းပြိုင်ပွဲမှ မဟုတ်ပါဘူး။ ဘယ်ပွဲပဲဖြစ်ဖြစ် အောင်ဆန်းကွင်းမှာ မကစားချင်ပါဘူး။ အောင်ဆန်းကွင်းရဲ့ အခြေအနေက ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ ကစားသင့်တဲ့ ကွင်းအနေအထားမဟုတ်ပါဘူး။

လိဂ်-၂ လိုပွဲမျိုး၊ လူငယ်အသင်းလိုပွဲမျိုးတွေသာ ကျင်းပသင့်တယ်လို့ ထင်ပါတယ်။ အောင်ဆန်းကွင်းကို သုဝဏ္ဏကွင်း၊ အခြားအိမ်ကွင်းတွေ ဖြစ်တဲ့ ပုသိမ်ကွင်း၊ တောင်ကြီးကွင်း၊ နေပြည်တော်၊ မန္တလေးကွင်းတွေနဲ့ ဆိုရင် ယှဉ်စရာမလိုအောင် အခြေအနေဆိုးနေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းမို့ ဗိုလ်ချုပ်အောင်ဆန်းကွင်းမှာ ကျင်းပတာတော့ နားလည်ပါတယ်။ တကယ်လို့ ဗိုလ်လုပွဲမှာ ကွင်းပြောင်းဖို့ပြောပေမယ့် အဖွဲ့ချုပ်က ခွင့်မပြုရင်လည်း လိုက်နာသွားမှာပါ ” ဟု မာဂျန်က ပြောသည်။

ဧရာဝတီအသင်းသည် ယခုနှစ် ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်အဆင့်တွင် ရခိုင်ယူနိုက်တက်အသင်းကို နှစ်ကျော့ကစား နှစ်ကျော့ပေါင်း ၃-၀ ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် ရတနာပုံအသင်းနှင့် ဧရာဝတီအသင်းတို့ပွဲကို လာမည့် စက်တင်ဘာလ ၂၇ ရက်တွင် အောင်ဆန်းကွင်း၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required