ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပံ့ပိုးသော မူးယစ်ဆေးဖြတ်ပြီးသူများ ထူထောင်ရေးစခန်း လွှဲပြောင်းပေးအပ်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပံ့ပိုးသော မူးယစ်ဆေးဖြတ်ပြီးသူများ ထူထောင်ရေးစခန်း လွှဲပြောင်းပေးအပ်

 

မန္တလေး၊ ဒီဇင်ဘာလ ၂၉ ရက် ။              ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အကြီးစားပြုပြင်မွမ်းမံတည်ဆောက်ပေးသော လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ရ၃ လမ်း၊ ၁၀ လမ်းနှင့် ၁၂ လမ်းကြား ၎င်းစခန်းတည်ရှိရာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်းကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကျပ်သိန်း ၆၀၀ ကျော် အကုန်အကျခံ၍ အကြီးစား ပြုပြင်မွမ်းမံမှုများပြုလုပ်ခဲ့ပြီး ယနေ့တွင်   ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း ဖြစ်သည်။

"အစိုးရအဖွဲ့ရဲ့ လိုအပ်ချက်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကဖြည့်ဆည်းပေး ကူညီပေးလိုက်တဲ့အတွက် ကြောင့်မို့ ဒီအဆာက်အဦလည်း ထွက်ပေါ်လာပါပြီ ။ ဒီအဆောက်အဦ ဖြစ်ပေါ်လာတဲ့အခါ ပီပီပြင်ပြင် ထိထိရောက်ရောက် အသုံးချနိုင်ဖို့က ကျွန်တော်တို့ ဝန်ကြီးဌာနက အများကြီး တာဝန်ရှိပါတယ်။အဲဒီတာဝန်ကို ယူမယ်လို့လည်း ကတိပေးပါတယ်။အဲဒီအပြင်ကို ကျွန်တော်တို့ဌာနတစ်ခုတည်း ဆောင်ရွက်လို့ မရပါဘူး။ အားလုံးပူးပေါင်းဆောင်ရွက်ရပါမယ်။"ဟု အခမ်းအနားတွင် ဒေါက်တာဝင်းမြတ်အေးကပြောသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုပရဟိတ အဖွဲ့အစည်းအသီးသီး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး လက်ရှိတွင် အဓိက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဖြင့် ပူးပေါင်း၍ မူးယစ်ဆေးဖြတ်ပြီးသူများကို မူးယစ် စေတနာ့ဝန်ထမ်းကြီးကြပ်ရေးမှုများဖြင့် ဆွေးနွေးမှုများ၊ပညာပေးမှုများ ပြုလုပ်နေသည်ဟုလည်း ဒေါက်တာ ဝင်းမြတ်အေးကဆိုသည်။

"ဆွေးနွေးမှုတွေပြုလုပ်မယ်။ပြန်/ထူစခန်းမှာ နေရမယ့်အကြောင်းအရာတွေ ရှင်းပြမယ်။ ပြန်/ထူစခန်း ရောက်ရင်လည်း ဒီစခန်းသည် မူးယစ်သံသရာကိုဖြတ်မယ့် ကိစ္စဖြစ်တဲ့အတွက်ကြောင့် အဲဒီကို ဦးတည်သွားတယ် ဆိုတာ တကယ်ပဲသိဖို့လိုပါတယ်။"ဟုဒေါက်တာ ဝင်းမြတ်အေးကပြောသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးစခန်း ၉ ခုရှိသည့်အနက် ယခု မန္တလေးတွင် ရှိသည့် ပြန်လည်ထူထောင်းရေးစခန်းကို စံပြအနေဖြင့်လုပ်ဆောင်သွားမှာဖြစ်သလို ထပ်မံ၍လည်း အသစ် ထပ်မံ တိုးချဲ့ဖွင့်လှစ်သွားနိုင်ဆောင်ရွက်မည်ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

မန္တလေးပြန်လည်ထူထောင်ရေးစခန်းကို ဇန်နဝါရီလ ၈ ရက်မှစတင်၍ မူးယစ်ဆေးဖြတ်ပြီးသူများကို လက်ခံကာ သက်မွေးပညာများလည်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly