လူမှုဝန်ထမ်းမှ ပြန်လည်ထူထောင်ရေးဦးစီးဌာနတစ်ခု အသစ် ထပ်မံတိုးချဲ့မည်

လူမှုဝန်ထမ်းမှ ပြန်လည်ထူထောင်ရေးဦးစီးဌာနတစ်ခု အသစ် ထပ်မံတိုးချဲ့မည်

 

မန္တလေး၊ ဒီဇင်ဘာ ၂၉ ။              ။ လူမှုဝန်ထမ်းပြန်လည်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ထူထောင် ရေးဦးစီးဌာန အမည်ဖြင့် ဦးစီးဌာနအသစ် တစ်ခုတိုးချဲ့သွားမည်ဟု ပြန်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးက  ဒီဇင်ဘာလ ၂၉ ရက်တွင် ပြောသည်။

"လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ အခုလုပ်နေတဲ့လုပ်ငန်းတွေရယ်။ ကျွန်တော်တို့ ချမှတ်ထားတဲ့ မူဝါဒအသစ်တွေနဲ့ကိုက်ညီအောင် ကျွန်တော်တို့အနေနဲ့ ဦးစီးဌာနတစ်ခု ထပ်ချဲ့တယ်။ပိုပြီး ထိရောက်အောင်၊ပြည်သူအကျိုးပိုရှိအောင် ချဲ့တယ်။"ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

လူမှုဝန်ထမ်းပြန်လည်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ပြန်လည် ထူထောင်ရေးများ ပြုလုပ်သည့်နေရာတွင် အားနည်းနေခြင်းကြောင့် ယခုလို ပြန်လည်ထူထောင်ရေး ဦးဌာနအသစ်ကို တိုးချဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

"ပြန်လည်ထူထောင်ရေးအတွက် ထိထိရောက်ရောက်လုပ်နိုင်ဖို့အတွက်ဆိုပြီးတော့ ကျွန်တော်တို့ကနေ ဦစီးဌာနတစ်ခု တိုးဖို့ တင်ပြခဲ့တယ်။ အစိုးရအဖွဲ့ အတည်ပြုချက်ကို စောင့်ရမယ်။ မကြာခင်မှာ ဖြစ်ပါမယ်။"ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

ပြည်လည်ထူထောင်ရေးဦးစီးဌာနကို ယခု ဒီလမကုန်ခင် ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး လတ်တလောတွင် လက်ရှိဝန်ထမ်းများဖြင့်သာ ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

"ကျွန်တော်တို့ ဦးစီးဌာနတစ်ခုတိုးချဲ့မယ်ဆိုတဲ့ဟာက လက်ရှိအင်အားနဲ့လက်ရှိလုပ်နေတဲ့ အင်အားမှာပဲ အလုပ်တွေကို ပိုင်းခြားလိုက်တာ ပိုင်းခြားလိုက်ပြီးတော့ ပိုပြီးတော့ ထိရောက်အောင်ဆိုပြီးတော့ ညွှန်ချုပ်တစ်ယောက်၊ ညွှန်မှူးတစ်ယောက် အဲလိုမျိျးဦးစီးပြီးတော့ ထပ်ဦးစီးဌာန ဖွင့်လိုက်တာ ဒီဝန်ထမ်းတွေ ထဲကပဲ။ လက်ရှိအင်အားတွေထဲကပဲ ဆောင်ရွက်တာဖြစ်တယ်။အဲလိုဆောင်ရွက်ဖို့အတွက်လည်း စီစဉ်ဆောင်ရွက်ပြီးပြီ။တကယ်လည်း ဖြစ်မယ်။ဒီဝန်ထမ်းအင်အားနဲ့ပဲ အစိုးရက ထပ်ကုန်ကျတာမရှိသေးဘဲနဲ့ ဦးစီးဌာနတစ်ခုကို တိုးလိုက်ခြင်းအားဖြင့် ပိုပြီးတော့ အလုပ်တွေလုပ်နိုင်မယ်။"ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

လက်ရှိတစ်နိုင်ငံလုံးတွင် လူမှုဝန်ထမ်းပြန်လည်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် ဝန်ထမ်း ၃၀၀၀ ပတ်ဝန်းကျင်သာ ရှိနေခြင်းကြောင့် ဝန်ထမ်းအားတိုးချဲ့ရန်အတွက် တင်ပြထားပြီး နှစ်အလိုက် တိုးချဲ့သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required