ဒေါ်အောင်ဆန်းစုကြည် ရာထူးမှ နှုတ်ထွက်သင့်ဟု Bono ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ရာထူးမှ နှုတ်ထွက်သင့်ဟု Bono ပြောကြား

 

ဒီဇင်ဘာ ၂၉ ။               ။ ဘင်္ဂါလီ (ရိုဟင်ဂျာ) မွတ်ဆလင်အရေးကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်ရှိ ရာထူးကနေ နှုတ်ထွက်သင့်ကြောင်း အိုင်ယာလန် U2 တေးဂီတအဖွဲ့ခေါင်းဆောင် အဆိုတော် Bono က ပြောကြားလိုက်ပါတယ်။

အဆိုတော်ကြီး Bono အနေနဲ့ကတော့ ပြီးခဲ့တဲ့ ကာလအတွင်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ်အချိန်မှာ သူမလွတ်မြောက်ရေးအတွက် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူတစ်ယောက် ဖြစ်ခဲ့ပေမယ့် ယခုအခါမှာတော့ သူမနှုတ်ထွက်သင့်ပြီ ဆိုပြီး ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။

U2 အဖွဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ "Walk On" နဲ့အတူ တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ပေးခဲ့သူ Bono က ယခု ဒုက္ခသည် အကျပ်အတည်းနဲ့ သွေးထွက်သံယို ဖြစ်မှု ပုံရိပ်တွေကြောင့် သူ့အနေနဲ့ စိတ်နှလုံး ထိခိုက်နေမိတယ်လို့ ပြောသွားပါတယ်။

" ကျွန်တော် တကယ်ပဲ စိတ်သောကရောက်မိခဲ့ပါတယ်၊ သက်သေအထောက်အထားအားလုံးက ပြသနေတာကို တွေ့ရတော့ ယုံတောင်မယုံနိုင်ပါဘူး၊ လူမျိုးသုဉ်း ရှင်းလင်းမှု ရှိနေပါတယ်" ဆိုပြီး Bono က Rolling Stone မဂ္ဂဇင်းကို ပြောသွားပါတယ်။

" ဒါ တကယ် ဖြစ်ပျက်နေတာပါ၊ သူမ ဆင်းပေးသင့်ပါတယ်၊ ဘာလို့လဲ ဆိုတော့ ဖြစ်နေတာကို သူမ သိနေမှာပါ၊ အနည်းဆုံးတော့ သူမ ဒီကိစ္စမှာ ထုတ်ဖော်ပြောပြီး အရေးယူမှုတွေ လုပ်သင့်ပါတယ်၊ ဒါကိုမှ ပြည်သူတွေက နားမထောင်ဘူးဆိုရင်တော့ သူမ နှုတ်ထွက်သင့်ပါတယ်" လို့ Bono က Rolling Stone တည်ထောင်သူ Jann Wenner  စီစဉ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required