ကမ္ဘာ့အကြီးဆုံးစျေးကွက် တရုတ်နိုင်ငံတွင် စမတ်ဖုန်းရောင်းအား ကျဆင်း

ကမ္ဘာ့အကြီးဆုံးစျေးကွက် တရုတ်နိုင်ငံတွင် စမတ်ဖုန်းရောင်းအား ကျဆင်း

ပေကျင်း၊ သြဂုတ်-၂၁ ။        ။ Gartner မှ စုဆောင်းထားသည့်အချက်အလက်များအရ တရုတ်နိုင်ငံတွင် စမတ်ဖုန်းရောင်းအားမှာ ယမန်နှစ်များနှင့်စာလျှင် ပထမဆုံးအကြိမ်အဖြစ် ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။

ဈေးကွက်သုနေသနကုမ္ပဏီကြီးဖြစ်သည့် Gartner ၏ ပြောကြားချက်အရ ၂၀၁၄ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဧပြီ၊ မေနှင့် ဇွန် ဒုတိယသုံးလပတ်ကာလတွင် လက်ကိုင်ဖုန်းရောင်းအားမှာ ၄ ရာခိုင်နှုန်း လျော့နည်းကျဆင်းသွားခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံ လူဦးရေ၏ထက်ဝက်မှာ စမတ်ဖုန်းများကို ပိုင်ဆိုင်ထားကြသော်လည်း နှစ်စဉ် အဆင့်မြှင့်မှု မပြုလုပ်ကြသောကြောင့် ဈေးကွက်မှာ လိုအပ်သည်ထက် ပြည့်ဝပိုလျှံနေသော အဆင့်အခြေ ကိုရောက်ရှိနေသည်ဟု Gartner က ပြောကြားခဲ့သည်။

သို့ရာတွင် ရောင်းအားကျဆင်းမှုကို စတ်ဖုန်းထုတ်လုပ်သည့်ကုမ္ပဏီအားလုံး ရင်ဆိုင်ကြုံတွေ့နေသည်တော့မဟုတ်ပါ။ ၎င်း၏ Galsxy S6မိုဒယ်များကို ဈေးကွက်တင်လာခဲ့သော်လည်း ဆမ်ဆောင်း ၏ရောင်းအားမှာ ၄၉ရာခိုင်နှုန်း နိမ့်ဆင်းသွားပြီး၊ လီနိုဗိုမှာလည်း ဝယ်လိုအားအကြီးအကျယ်ကျဆင်းမှုကို ကြုံတွေ့နေရသော်လည်း Apple မှာမူ မိုဒယ်အသစ်မထွက်သော်လည်း ရောင်းအား ၆၈ရာခိုင်နှုန်း တက်လာခဲ့သည်။ ဟွာဝေး (Huawei)မှာမူ သူ့ဇာတိမြေတွင် ရောင်းအား ၄၆ရာခိုင်နှုန်း ဖွံ့ဖြိုးမှုနှင့် ထိပ်ဆုံးတွင် ပန်းပန်နေပါသည်။  .

‘ဆမ်ဆောင်းက တရုတ်မှာတင်မက အခြားဈေးကွက်တွေမှာပါ သိသိသာသာ ရောင်းအားကျသွားတယ်။ တရုတ်ပလေယာ (ဟွာဝေး)ကတော့ သူ့ဇာတိဈေးကွက်မှာ အကြီးအကျယ်ဦးဆောင်နေတယ်’’ဟု Gartnerမှ သုတေသနဒါရိုက်တာ အန်ရှယ် ဂုပ္ပတက ပြောကြားခဲ့သည်။

S6 Edge ၏ ဖန်ပြင်ကွေးနှင့် ပတ်သက်သည့် ပြဿနာများက ဆမ်ဆောင်း၏ ရောင်းအားကို ထိခိုက်စေခဲ့သည်။ သို့ရာတွင် ဈေးကွက်တစ်ခုလုံးအနေဖြင့် ခြုံကြည့်လျှင်မူ တရုတ်နိုင်ငံတွင် စမတ်ဖုန်းရောင်းအား မှာ စိုက်ဆင်းနေခဲ့သည်ဟု မစ္စတာ ဂုပ္ပတက အလေးအနက် ပြောကြားသည်။

တရုတ်နိုင်ငံမှာ တစ်ကမ္ဘာလုံးရောင်းအား၏ ၃၀ရာခိုင်နှုန်းနှင့် ကမ္ဘာ့အကြီးဆုံး ဈေးကွက်ဖြစ်နေသောကြောင့် ရောင်းအားစိုက်ဆင်းမှုမှာ စမတ်ဖုန်းကုမ္ပဏီအားလုံးနှင့် သက်ဆိုင်နေသည်ဟု ဆိုပါသည်။

‘တရုတ်ဈေးကွက်က ပြည့်ဝပိုလျှံနေပြီ။ အရင်က အဆင့်မြှင့်တာထက် ဖုန်းအစားထိုးတဲ့ပုံစံနဲ့ ဈေးကွက်ကို မောင်းနှင်နေခဲ့တာကြောင့် ၁၈လ (ဒါမှမဟုတ်)၂၄လ အစားထိုးစက်ဝန်းကာလ ကြာမြင့်လိမ့်မယ်’’ ဟု မစ္စတာ ဂုပ္ပတက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly