သံသယတွေ ပျောက်ချင်ပြီ

သံသယတွေ ပျောက်ချင်ပြီ

 

ဒီရက်အတွင်းမှာ မြန်မာရော ကမ္ဘာကပါ အပြောများနေတာကတော့ Reuter သတင်းထောက် နှစ်ဦး အဖမ်းခံရပြီး နောက်ဆုံး ပထမအကြိမ် ရုံးထုတ် အမှုစစ်တဲ့အချိန်ထိ ပြောဆိုနေကြတာတွေဟာ ကျယ်လောင် နေတုံုးပဲ ဖြစ်ပါတယ် ။ သတင်းသမားသတင်းလိုက်တာ မဆန်းပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အရင့် အရင်ခေတ်တွေကလိုပဲ " သွားသတိ ၊ လာသတိ ၊ စားသတိ " နဲ့ပဲ သတင်းသမားတွေဟာ ဆက်လက်ရပ်တည်ရအုံးမှာပဲ ဖြစ်ပါတယ် ။ ဒီစကားကတော့ အဖမ်းဆီးခံ ရိုက်တာသတင်းဌာနက သတင်းသမား ကိုကျော်စိုးဦး ( ခ ) ကိုမိုးအောင် က သူရဲ့ လုပ်ဖော်ကိုင်ဖက် သတင်းသမားတွေကို သူ့ညီမဖြစ်သူကတစ်ဆင့် အမှာပါး သတိပေးလိုက်တဲ့စကားပဲဖြစ်ပါတယ် ။

သေချာတာတစ်ခုကတော့ သူတို့တစ်တွေ အဖမ်းခံရစဉ်က ခုအထိ သက်ဆိုင်ရာက စစ်ဆေးမေးမြန်း တဲ့အခါ ညှဉ်းပန်းနှိပ်စက်မှုတွေ မလုပ်ဘူးဆိုပေမယ့် ကျွန်တော့်အထင်အရကတော့ စစ်ဆေးမေးမြန်း တဲ့သူတွေမှာ ဗျူဟာမြောက် စကားလုံးအသုံးအနှုံးတွေ ၊ အခြေအနေတွေ ၊ လုပ်နည်းကိုင်နည်းတွေ စစ်ကြောမှုတွေ ရှိပါတယ် ။ ဒါကလည်း ကျွန်တော်ကိုယ်တိုင် ကိုယ်တွေ့ဖြစ်လို့ သိနေခြင်းဖြစ်ပါတယ် ။ အဲဒီနေရာမှာ သတင်းသမားတွေဟာ ဘယ်လောက် သည်းခံ နိုင်မလည်း ၊ ဘယ်လောက်စိတ်ရှည် နိုင်မလည်း ၊ ဘယ်လောက်ခံနိုင်ရည်ရှိမလည်း ဆိုတာတွေအပေါ် လုံးဝ မူတည်နေပါတယ် ။ ကိုကျော်စိုး (ခ) ကိုမိုးအောင်ကိုယ်တိုင်က ရိုက်နှက်စစ်ဆေးခြင်းမျိုး ပြူလုပ်ခဲ့ခြင်းမရှိဘူး လို့ပြော ပေမယ့် ကျွန်တော်ကိုယ်တိုင် ကိုယ်တွေ့ခံခဲ့ရတဲ့ အဖြစ်ကလေးတစ်ခုကို ဒီနေရာမှာ အကြောင်းသင့် လို့ ပြောပါရစေ ။

ကျွန်တော်က နာမည်ကြီး အကျဉ်းသားတစ်ယောက်ဖြစ်နေတယ် ၊ အထက်က ကျွန်တော့ကို စစ်ဆေးမေးမြန်းတဲ့အခါ လုံးဝရိုက်နှက်ခြင်းမပြုရဘူးဆိုတဲ့ မှတ်ချက်ကလည်းရှိတယ် ။ အဲဒီတော့ ကျွန်တော့တစ်ယောက်ထဲကို စစ်ကြောရေးက ( ၅ ) ယောက်က တစ်ယောက်တစ်လှည့်စီစစ်ပါတယ် ။ တစ်ယောက်စစ်တဲ့အချိန်မှာ (၃)ယောက်ကနားတယ် ။ (၁) ယောက်က ဘေးအခန်း ချောင်းကြည့် ပေါက်က ချောင်းကြည့်တယ် ၊ နားထောင်နေတယ် ။ တစ်ခါစစ်ရင် နှစ်နာရီကြာတယ် ၊ သူတို့က ဂျူတီကို အဲဒီလိုခွဲထားပြီး သူတို့ကအနားယူတဲ့အချိန် လုံလောက်တယ် ၊ကျွန်တော်တို့ကိုတော့  တစ်နေ့လုံးမှာမှ အိပ်ချိန် ခဏကလေးပဲပေးတယ် ။ နေ့လား ညလားအချိန်ကြာလာတော့ ကျွန်တော်တို့ မသိတော့ဘူး။ နောက်ပိုင်း အအိပ်ပျက်တော့ အစားပါပျက်လာတယ် ၊ သူတို့ကျွေးတဲ့ ထမင်းကလည်း ထောင်ထမင်းဆိုတော့ ပိုဆိုးတာပေါ့ ။ အဲဒါက ( ၃ ) ရက်အတွင်း ဖြစ်တာ ဖြစ်ပါ တယ် ။

အဲဒီလိုမျိုး (၁၀)ရက်လောက် ကျွန်တော်တို့ဆီက သူတို့လိုချင်တဲ့ စစ်ချက်ကို ယူမယ်ဆိုပါတော့ ၊ မရိုက်နှက်ဘူး ၊ ထမင်းလည်းကျွေးတယ် ၊ ရေလည်းတိုက်တယ် ၊ စစ်ဆေးတဲ့သူတွေစုပြီး စစ်ဆေး ချက်တွေကို ပြန်သုံးသပ်တဲ့အချိန်ဟာ ကျွန်တော်တို့အတွက် များများနားချိန်ရပါတယ် ။ ကျွန်တော်တို့သတင်းထောက်တွေကိုလည်း အဲဒီလိုမျိုးစစ်ဆေးပြီး ကျန်တဲ့ ( ၅) ရက်လောက်ကို ကောင်းကောင်ကျွေးပြီး ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံးတွေပေးလို့ ခုလိုကျန်းကျန်းမာမာ မြင်တွေ့ရတာပဲ ဖြစ်တယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ် ။ တစ်ချိန်ထဲမှာပဲ  ရိုက်တာ သတင်းထောက်နှစ်ဦးနဲ့အတူ ဖမ်းဆီးအရေးယူခံထားရတဲ့ ရဲဝန်ထမ်းနှစ်ယောက်နဲ့ ပတ်သက်ပြီး ၊ သတင်းထုတ်ပြန်မှု တစ်စုံတစ်ရာ မရှိတာဖြစ်လို့ အများပြည်သူတွေနဲ့ နိုင်ငံတကာကလည်း သံသယဖြစ်စေပြန်ပါတယ် ။ ဒီနေ့ ဒီအချိန် ဒီခေတ်ကာလမှာတော့ ပွင့်လင်းမြင်သာမှုဆိုတာ သက်ဆိုင်ရာကို မေးခွန်းထုတ်ရမယ့် အနေအထားဖြစ်လို့ ကျွန်တော်တို့ဟာ ကမ္ဘာအလယ်မှာ မျက်နှာမလှမယ့် အဖြစ်မျိုးကို နိုင်ငံသားတစ်ယောက်အနေနဲ့ မဖြစ်ချင်ပါဘူး ။

ဒီလိုမျိုးသံသယတွေကို ကျွန်တော်နိုင်ငံသားတစ်ဦးအနေဖြင့် မလိုလားပါ ။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာ) မှ ၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ လက်အောက်ရှိ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ UN WGAD သို့ ဒီဇင်ဘာ ၂၀ ရက်နေ့က တိုင်ကြားမှုကို သတင်းထုတ်ပြန်ရာမှာတော့ . . .

" ယင်းသတင်းထောက်နှစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇ အရလည်းကောင်း ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရလည်းကောင်း ၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် အပိုဒ် ၉ ၊ ၁၄ နှင့် ၂၆ တို့အရ လည်းကောင်း ၊ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတကာလူ့အခွင့်အရေး သဘောတူစာချုပ်များတွင် ပြဋ္ဌာန်းထားသော အခွင့်အရေးများကို ဆုံးရှုံးခဲ့မှုရှိနေခဲ့ကြောင်း ။ ၎င်းအပြင် ၂၀၀၄ ခုနှစ် မတ်လတွင် ပြဋ္ဌာန်းထားသည့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂ (က) အရ လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့် (ရှာဖွေရယူခွင့်) ၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့ကိုလည်း ဆုံးရှံုးခဲ့ကြောင်း ၊ ဖမ်းဆီးချိန်တွင်လည်း ၀ရမ်းပါ ၊ မပါ မသေချာ သည်ဆိုသည့် အချက်အလက်ကလည်း မြန်မာနိုင်ငံအစိုးရ လျှို့ဝှက် အက်ဥပဒေပုဒ်မ (၁၁)အရ ဖမ်းဆီးထိန်းသိမ်းမည်ဆိုလျင် တရားသူကြီးထံမှ ဖမ်းဆီးထိန်းသိမ်းရန် ၀ရမ်းရယူရန်လိုအပ်ပြီး သတင်းသမားနှစ်ဦးမှာ သတင်းအချက်အလက် ရယူပိုင်ဆိုင်ပြီး အချိန်တို အတွင်း ဖမ်းဆီးထိန်းသိမ်းခံရသည့်အတွက် ၎င်းတို့အား ဥပဒေနှင့်အညီ ဖမ်းဆီးခြင်း ဖြစ် ၊ မဖြစ် အပေါ် များစွာသံသယဖြစ်ဖွယ် တွေ့ရှိရပါသည် " ဟုဖော်ပြ ထုတ်ပြန်ထားရာ မြန်မာနိုင်ငံသား တစ်ယောက် အနေဖြင့်ရော သတင်းသမားတစ်ယောက်အနေနှင့်ပါ သံသယများ ပျောက်ပျက် ချင်မိပါကြောင်း ။      ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly