ဘိလပ်မြေစက်ရုံတည်ဆောက်မှု ဒေသခံများ ကန့်ကွက်သော်လည်း ပန္နက်တင်အခမ်းအနား ပြုလုပ်

ဘိလပ်မြေစက်ရုံတည်ဆောက်မှု ဒေသခံများ ကန့်ကွက်သော်လည်း ပန္နက်တင်အခမ်းအနား ပြုလုပ်

 

မန္တလေး၊ဒီဇင်ဘာ ၂၈ ။                    ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်လျှက်ရှိသည့် အယ်လ်ဖာဘိလပ်မြေစက်ရုံကို ဒေသခံများက ကန့်ကွက်လျှက်ရှိသော်လည်း အစိုးရအဖွဲ့ဝင်များပါ တက်ရောက်သော ပန္နက်တင်အခမ်းအနား ယနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဒေသခံများ ကန့်ကွက်နေသော်လည်း ကုမ္ပဏီဘက်မှ ပန္နက်တင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးတစ်ချို့နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်အချို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါစက်ရုံ တည်ဆောက်မည့်နေရာသည် ကျေးရွာများနှင့်ထိစပ်နေသည့်အပြင် ကျေးလက်ဖွံ့ဖြိုးရေးလမ်းများ ကို အသုံးပြုနေခြင်းနှင့် စက်ရုံကြောင့် လယ်ယာမြေများ ပျက်စီးသွားနိုင်ခြင်း၊ ဒေသခံများ၏ ကျန်းမာရေး ထိခိုက်နိုင်ခြင်းတို့ကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

ထိုစက်ရုံစီမံကိန်းမပြုလုပ်ရန်အတွက် ၂၀၁၄ ခုနှစ်ကပင် စတင်၍ သက်ဆိုင်ရာအဆင့်ဆင့်သို့ ကန့်ကွက်စာ များကို ၂၀၁၇ခုနှစ်၊နိုဝင်ဘာလအထိ အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း ဆက်လက် ဆောင်ရွက်နေခြင်းကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးဖြစ်သူ ဒေါ်သန်းသန်းဝင်းက ပြောသည်။

"ကျွန်မတို့ စလာပြီး စမ်းသပ်နေကတည်းက တားနေတယ်။ တားနေတဲ့ကြားက အခု ဒီလိုလာလုပ်တာပဲ။ ဘိလပ်မြေစက်ရုံဆိုတာ အခုမှ သိတယ်။ အရင်က ဘာစက်ရုံဆိုတာမသိဘူး။ လာညှိတာတွေ ဘာမှမရှိဘူး။"ဟု ဒေါ်သန်းသန်းဝင်းကပြောသည်။

ကျေးရွာဖွံ့ဖြိုးရေးလမ်းမှာ မူလက ၁၈ပေသာရှိသော်လည်း ယခုအခါတွင် ပေ၆၀အထိ တိုးချဲ့ဖောက်နေခြင်း ကြောင့် သစ်ပင်ကြီးအချို့နှင့်သီးနှံအချို့ပျက်နေခြင်းဖြစ်သည်ဟု ကန့်ကွက်နေသူများက ဆိုသည်။

ဒေသခံတစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်သန်းက"ရွာဖွံ့ဖြိုးရေးလမ်းကိုလည်း သူတို့အသုံးပြုဖို့ဆိုပြီး ချဲ့တယ်။ တစ်လျှောက်လုံး သစ်ပင်တွေ ခုတ်တယ်။ တစ်ချို့နေရာတွေဆို အခုစိုက်တဲ့ သီးနှံတွေပါ ပျက်တယ်။ ကားတွေကလည်းကြီးတော့ ဖုန်တလုံးလုံးပဲ။ အန္တရာယ်များတယ်။"ဟု ပြောသည်။

ထိုသို့ လမ်းများ တိုးချဲ့ဖောက်နေခြင်းအား ဒေသခံများက ဒီဇင်ဘာ ၂၄ ရက်ကလည်း တားဆီးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရပြီး ဒေသခံများအနေဖြင့် စက်ရုံတည်ဆောက်နေမှုကို ရပ်တန့်သွားသည်အထိ ကန့်ကွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုကြသည်။

ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက အယ်လ်ဖာဘိလပ်မြေစက်ရုံအနေဖြင့် ဒေသဖွံ့ဖြိုးရေးများ ပြုလုပ်ပေးနေသလို ဒေသခံများနှင့်ညှိုနှိုင်းဆောင်ရွက်ခဲ့သည် ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required