ဒီဇင်ဘာလ တတိယသီတင်းပတ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ငါးဘီလီယံကျော် ခွင့်ပြုထား

ဒီဇင်ဘာလ တတိယသီတင်းပတ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ငါးဘီလီယံကျော် ခွင့်ပြုထား

၂၀၁၇-၁၈ ဘဏ္ဍာနှစ်၏ ဒီဇင်ဘာလတတိယပတ်အထိ  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၅ ဘီလီယံကျော်ကို ပြည်တွင်းသို့ ၀င်ရောက်ရင်းနှီးနိုင်ရန် ခွင့်ပြုထားကြောင်း   မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သတင်းမီဒီယာများသို့ ပြောကြားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က  ယခုဘဏ္ဍာနှစ်၊ဒီဇင်ဘာလ တတိယပတ်အထိ နိုင်ငံခြားလုပ်ငန်း ၁၇၄ ခုကို ခွင့်ပြုပေးထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ၄ ဒသမ ၁ ဘီလီယံကျော်ရှိကာ ဝင်ရောက်ပြီးသားလုပ်ငန်းများ၏ ထပ်တိုးရင်းနှီးမြှုုပ်နှံမှုပမာဏများပါဝင်က ကန်ဒေါ်လာ ၄ ဒသမ ရ ဘီလီယံကျော် အထိရှိကြောင်း ဆိုသည်။

ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံှုမှု ၂၃၇ သန်းကျော် ခွင့်ပြုပေးထားရာ ယခုနှစ်အတွင်း စုစုပေါင်း ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏ ၅ ဒသမ ၀၁၇ ဘီလီယံကျော် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ရှင်းပြသည်။

“ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ကုမ္ပဏီများဥပဒေနှစ်ခု ပြိုင်တူ အလုပ်လုပ်ပြီဆိုရင် မြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးလုပ်ငန်းတွေ အများကြီးအခွင့်အလမ်းတွေ တိုးတက်လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးဖြစ်လာမှာပေါ့”ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောဆိုသည်။

 ယခုဘဏ္ဍာနှစ်အတွင်း ကုန်ထုတ်လုပ်မှု ကဏ္ဍ၊အိမ်၊ခြံ၊မြေ အဆောက်အအုံကဏ္ဍ၊အခြားဝန်ဆောင်မှုနှင့် လျှပ်စစ်ကဏ္ဍများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးဝင်ရောက်ထားကြောင်း   မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ခြောက်ဘီလီယံ ဝင်ရောက်ရန် လျာထားပြီး လက်ရှိအခြေအနေအရ လျာထားချက်ပြည့်မီရန် အလားအလာကောင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly