တီယန်ကျင်းမြစ်ထဲ ငါးအသေများတွေ့ရှိမှုကြောင့် ပေါက်ကွဲမှု၏အကျိုးဆက် ညစ်ညမ်းမှုများ ပျံ့နှံ့လာပြီဟု စိုးရိမ်မှုများ ထွက်ပေါ်

တီယန်ကျင်းမြစ်ထဲ ငါးအသေများတွေ့ရှိမှုကြောင့် ပေါက်ကွဲမှု၏အကျိုးဆက် ညစ်ညမ်းမှုများ ပျံ့နှံ့လာပြီဟု စိုးရိမ်မှုများ ထွက်ပေါ်

တီယန်ကျင်း၊ သြဂုတ် - ၂၁ ။       ။ တရုတ်နိုင်ငံမြောက်ပိုင်း တီယန်ကျင်းမြို့တွင် လွန်ခဲ့သည့် ရက်သတ္တပတ်က ဓာတုပစ္စည်းကုန်လှောင်ရုံ ပေါက်ကွဲခဲ့ရာ နေရာ၌ ကျန်ရှိနေသည့် ဓာတုပစ္စည်းများ၏ အန္တရာယ်အဆင့်မှာ မြင့်မားနေဆဲဖြစ်ပြီး တစ်နေရာတွင် လုံခြုံဘေးကင်းသည့်အဆင့်သတ်မှတ်ချက်ထက် အဆရာပေါင်းများစွာ ပိုမိုမြင့်မားနေကြောင်း အာဏာပိုင်များက သြဂုတ်လ ၂၀ ရက်နေ့ တွင်ပြောကြားခဲ့သောကြောင့် ရှင်းလင်းဖယ်ရှားရေးများ လုပ်ဆောင်ရန်လိုအပ်ချက်ကို မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်သည်။

ပေါက်ကွဲမှုဧရိယာအတွင်း ၈နေရာတွင် ရေကိုစမ်းသပ်ကြည့်ရာ လူကိုပင် အလျင်အမြန်သေစေနိုင်သည့် အလွန်အမင်းအဆိပ်အတောက်ဖြစ်သော ဓာတုပစ္စည်း ဆိုဒီယံ ဆိုက်ရာနိုက်မြင့်မားစွာ ပါဝင်နေ သည်ကိုေျတွ့ရှိရသည်ဟု ပတ်ဝန်းကျင်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိ တီယန် ဝေယန်က ပြောကြားခဲ့သည်။

တစ်နေရာတွင်မူ ဆိုဒီယံ ဆိုက်ရာနိုက်အဆင့်မှာ လုံခြုံဘေးကင်းသော ကန့်သတ်ချက်ထက် ၃၅၆ဆ ပိုမိုမြင့်မားနေသည်ဟု တီယန်က ပြောကြားခဲ့သည်။ သို့ရာတွင် ညစ်ညမ်းရေများ ကိုပေါက်ကွဲမှုဖြစ်ပွား ရာဝန်းကျင်ရှိ အန္တရာယ်ဇုန်အတွင်းတွင်သာ ထိန်းချုပ်ထားသည်ဟုလည်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ပေါက်ကွဲဇုန်ပြင်ပရှိ လေထုနှင့် ရေထုမှာ ပုံမှန်အခြေအနေတွင်ရှိကြောင်း မြို့အာဏာပိုင်များက ပြောကြားခဲ့သော်လည်း အနီးအနားအိမ်များမှ ဒေါသထွက်နေသည့် မြို့သူမြို့သားများ ကမူပေါက်ကွဲမှုများ ၏ရေရှည် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးအကျိုးဆက်များကို စိုးရိမ်လျှက်ရှိကြသည်။

‘အန္တရာယ်ဇုန်ထဲမှာတော့ ဆိုက်ရာနိုက်ညစ်ညမ်းမှုက ပြင်းထန်တယ်။ အပြင်ဘက်မှာတော့ စမ်းသပ်တွေ့ရှိရတဲ့ ဆိုက်ရာနိုက်ပမာဏက ပုံမှန်ပါပဲ’’ဟု တီယန်က ပြောကြားခဲ့သည်။ သို့ရာတွင် မြို့၏ ဟိုင်ဟီမြစ်အတွင်း ထုထည်ပမာဏကြီးမားလှသည့် ငါးအသေများကို တွေ့ရသည့်အခါတွင်မူ ညစ်ညမ်းမှုများမှာ ပျံ့နှံ့သွားပြီဟူသော စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။   

နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာကမူ ငါးအသေများတွေ့ရှိရာနေရာမှ ရေနမူနာထဲတွင် အဆိပ်ဖြစ်လောက်သည့် ဆိုက်ယာနိုက်ပမာဏကို မတွေ့ရှိရကြောင်း သြဂုတ်လ ၂၀ရက်နေ့က ပြောကြားခဲ့သည်။

သို့ရာတွင် ငါးများ ထုနှင့်ထည်နှင့်သေဆုံးရခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး အကြောင်းရင်း ဖော်ထုတ်နိုင်ဖို့ ကြိုစားနေကြောင်း တီယန်ကျင်း သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေး အရာရှိ တစ်ဦးဖြစ်သည့် တိန့်ရှိုဝင်က ပြောကြားခဲ့သည်။

သြဂုတ်၁၂ရက် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ ကုန်လှောင်ရုံတွင် အဆိပ်အတောက်နှုန်း မြင့်မားသည့်ပစ္စည်း တန်၇၀၀ကျော်ကို သိုလှောင်ထားရာ အများစုမှာ ဆိုဒီယံ ဆိုက်ယာနိုက်များဖြစ် သည်ဟုနိုင်ငံပိုင် မီဒီယာတွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required