YBS စနစ်တွင် တိုင်ကွန်းခေါ် လုပ်ငန်းရှင်ကြီးများ ပါ၀င်သော်လည်း တစ်ဦးပိုင်ကုမ္ပဏီများ ရပ်တည်ရေး ထောက်ပံ့ပေးနေ

YBS စနစ်တွင် တိုင်ကွန်းခေါ် လုပ်ငန်းရှင်ကြီးများ ပါ၀င်သော်လည်း တစ်ဦးပိုင်ကုမ္ပဏီများ ရပ်တည်ရေး ထောက်ပံ့ပေးနေ
YBS အမှုဆောင်အရာရှိချုပ် ဦးစောဘိုဘို/ ဓာတ်ပုံ - မျိုးပြည့်သင်း

 

YBS စနစ်တွင် တိုင်ကွန်းဟု ခေါ်ဆိုရမည့် လုပ်ငန်းရှင်ကြီးများ ပါဝင်လုပ်ကိုင်နေသော်လည်း တစ်ဦးတည်းပိုင် ကုမ္ပဏီများအတွက် ရေရှည်ရပ်တည်နိုင်ရန် အထောက်အပံ့ပေးနေကြောင်း YBS အမှုဆောင်အရာရှိချုပ် ဦးစောဘိုဘိုက ပြောသည်။

လက်ရှိတွင် ကုမ္ပဏီကြီး ၄ ခု၊ ၅ ခုခန့် YBS တွင် ၀င်ရောက်လုပ်ကိုင်နေပြီး နာမည်ကြီးတိုင်ကွန်းတစ်ဦး၏ ကုမ္ပဏီမှ ၀င်ရောက် လုပ်ကိုင်မည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသော်လည်း YBS စနစ်အရ လွတ်လပ်စွာ ၀င်ရောက် လုပ်ကိုင်ခွင့် ပြုထားသည်။

"ကျွန်တော်တို့က ဖရီးမားကက် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘယ်သူ့ကိုဝင်စေ၊ ဘယ်သူ့ကိုမဝင်စေ ပြောလို့ ရတာမဟုတ်ဘူး။ အဓိကစီးပွားရေးအရ ဖရီးမားကက် အဖြစ် ကျင့်သုံးနေတဲ့အတွက်ကြောင့်"ဟု YBS အမှုဆောင်အရာရှိချုပ် ဦးစောဘိုဘိုက ပြောသည်။

ထို့ပြင် အများပိုင်ဘတ်စ်ကားစနစ်အတွက် တစ်ဦးချင်းပိုင် ကုမ္ပဏီများကို စုပေါင်းကာ အများပိုင်ကုမ္ပဏီ ဖြစ်စေ ရန် ဆောင်ရွက်နေသည်များလည်း ရှိနေသည်ဟု သိရသည်။

"တစ်ဦးတည်းပိုင် ကုမ္ပဏီသေးသေးလေးတွေအနေနဲ့ ဒီအချိန်မှာ နည်းပညာ ရင်းနှီးမြှုပ်နှံမှုအတွက်က အခက်အခဲရှိနေတဲ့အတွက်ကြောင့်မို့လို့ တစ်ဦးတည်းပိုင်ကုမ္ပဏီတွေများများပူးပေါင်းပြီးတော့ ကုမ္ပဏီ စနစ်တကျ ဖွဲ့စည်းနိုင်အောင် ငွေကြေးပိုင်းအရှုပ်အရှင်းမရှိအောင် ငွေရေးကြေးရေးနဲ့ပတ်သတ်ပြီးတော့ ပုံမှန်မဟုတ်တာတွေမရှိအောင်"ဟု YBS အမှုဆောင်အရာရှိချုပ် ဦးစောဘိုဘိုက ဆိုသည်။

ဘတ်စ်ကားအသစ် စီးရေ ၅၀၀ ကျော် ဖြင့် ပြေးဆွဲမည့် YBS ယာဉ်လိုင်းအသစ်တစ်ခုကို Power Eleven ကုမ္ပဏီ ၊ အောင်မြင်သူဂရုပ် နှင့် လုပ်ငန်းရှင်များ စုပေါင်းပါဝင်သည့် လူထုမိတ်ဆွေကုမ္ပဏီ မှ လျှောက်ထား ကြောင်း ဒီဇင်ဘာလ ၂၄ ရက်တွင် သိရသည်။

YBS စနစ်တွင် တစ်ဦးတည်းပိုင်ယာဉ်လိုင်းများ၊ တစ်ဦးပိုင်ကုမ္ပဏီများကို အများပိုင်ကုမ္ပဏီများဖြစ်အောင် ပြုလုပ်ကာ လိုအပ်သည့်နည်းပညာများ၊ စီမံခန့်ခွဲမှုဆိုင်ရာနည်းလမ်းများကို YBS အပတ်စဉ်အစည်းအဝေးများ၌ မျှဝေလျက်ရှိကြောင်း ဦးစောဘိုဘိုက ဆိုသည်။

နောက်ပိုင်းတွင် YBS အဖြစ် ပြေးဆွဲမည့်ဘတ်စ်ကားများကို သတ်မှတ်ချက်များနှင့်ညီညွှတ်မှသာ ခွင့်ပြုရန် လည်း စီစဉ်ထားကြောင်း သိရသည်။

ယခင် မ.ထ.သ(မော်တေ်ာယာဉ်ထိမ်းသိမ်းရေး လိုင်းပေါင်းစုံစနစ်) မှ ရန်ကုန်ဘတ်စ်ကားစနစ် YBS ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စတင်ခဲ့ပြီးနောက် လက်ရှိအချိန်၌ ရန်ကုန်အများပိုင်ဘတ်စ်ကားစနစ် တွင် ဘတ်စ်ကားအစီးရေ ၃၀၀၀ ကျော်ရှိနေပြီး ကုမ္ပဏီ ၁၅ ခု လုပ်ကိုင်လျှက် ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required