မောင်တော ကညင်ချောင်းစီးပွားရေးဇုန် ကွန်ကရစ်ဆိပ်ခံတံတား ၂ ခုအပါအဝင် လုပ်ငန်းတစ်ချို့ ပြီးစီး

မောင်တော ကညင်ချောင်းစီးပွားရေးဇုန် ကွန်ကရစ်ဆိပ်ခံတံတား ၂ ခုအပါအဝင် လုပ်ငန်းတစ်ချို့ ပြီးစီး

 

ဒီဇင်ဘာ ၂၆ ။                    ။ ရခိုင်ပြည်နယ် မောင်တောမြို့၊ ကညင်ချောင်း စီးပွားရေးဇုန် ဖော်ဆောင်ရေးတွင် လုပ်ငန်းတစ်ချို့ ပြီးစီးပြီဖြစ်ပြီး ကွန်ကရစ် ဆိပ်ခံတံတား နှစ်ခု၊ အရှည်ပေ ၄၂၀ ရှိ မြေပြင်ချဉ်းကပ်လမ်းတစ်ခု၊ ကွန်ကရစ် ကုန်သိုလှောင်ရုံ တစ်ခုနှင့် အရောင်းဆိုင်ခန်း ၂၀ တို့ ပြီးစီးထားပြီး ဖြစ်ကြောင်း သိရသည်။

ကညင်ချောင်း စီးပွားရေးဇုန်ကို ပြီးခဲ့သည့်၂၀၁၅ အောက်တိုဘာလမှစတင်ပြီး ပြည်နယ်အစိုးရနှင့် ဒေသခံ ကုန်သည်များက စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ မောင်တောမြို့ အနောက်မြောက်ပိုင်း ၂ မိုင်ခန့် အကွာ ကညင်ချောင်း နတ်မြစ်အတွင်းသို့ စီးဝင်နေသော နေရာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြေဧက ၁၀၀ အကျယ်အဝန်းရှိ အဆိုပါစက်မှုဇုန် ပြီးစီးပါက ကုန်စည်များကို  ကညင်ချောင်း စီးပွားရေးဇုန် ဆိပ်ကမ်းမှ ရေလမ်းကြောင်းဖြင့် မောင်တောမြို့သို့ ပို့ဆောင်နိုင်မည် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ  ဆိပ်ကမ်း တစ်ခုလည်း ယင်းနှင့် လေးမိုင်အကွာတွင် တည်ရှိကြောင်း တွေ့ရသည်။

စက်မှုဇုန်အပြင် မောင်တောမြို့နှင့် စီးပွားရေးဇုန်တွင်း လမ်းများ အဆင့်မြှင့်တင်နေပြီး ပြီးစီးပါက နယ်စပ် ကုန်သွယ်ရေးကို တိုးမြှင့်သွားရန်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် စက်မှုဇုန်အတွင်း မြေဧက ၄၉ ဒသမ ၅၈ အတွက် မြေသားဖို့ခြင်း၊ မောင်တောနှင့်အကြား  အရှည် ၁ ဒသမ ၈ မိုင်ရှိ လမ်း ဖောက်လုပ်ခြင်း၊ ဇုန်အတွင်းက ၁ ဒသမ ၅၅ မိုင်ရှိ လမ်းတစ်ခုကို အဆင့်မြှင့်တင်ခြင်း၊ စီးပွားရေးဇုန်ကို ခြံစည်းရိုးကာရန်အတွက် ၁ ဒသမ ၁၈ မိုင်ရှိ အုတ်နံရံတည်ဆောက်ခြင်း၊ ကုန်တင်ကုန်ချ မြေကွက်လပ် နှင့် ကားပါကင်ဧရိယာ မျက်နှာပြင် ကွန်ကရစ်လောင်းခြင်း၊ လုံခြံုရေးဝန်ထမ်းများနေမည့် အဆောက်အအုံ နှစ်ခု တည်ဆောက်ခြင်း၊ အလုပ်သမားတွေအတွက် နားနေဆောင် တည်ဆောက်ခြင်း၊ ကုန်သိုလှောင်ရုံတစ်ခု တည်ဆောက်ခြင်း၊ မီးစက်တစ်ခု တပ်ဆင်ခြင်း၊ ဓာတ်အားလိုင်းအတွက် တိုင်များ ထူထောင်ခြင်း၊ ဓာတ်အား ဖြန့်ဝေရေး ၀ါယာကြိုးများ တပ်ဆင်ခြင်း၊ ရေပေးဝေရေးအတွက် ပိုက်သွယ်တန်းခြင်း များကို လုပ်ကိုင်လျှက် ရှိကြောင်း သိရသည်။

ကညင်ချောင်း စီးပွားရေးဇုန်ဆိပ်ခံတံတားသည်  တန်ချိန် ၁၀၀၀  ခန့်ရှိ ရေယာဉ်များ ရပ်နားနိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း ဒေသတည်ငြိမ်ရေးအတွက် အစိုးရမှ လုပ်ဆောင်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required