KNPP တပ်ဖွဲ့ဝင်များ သေဆုံးမှုကို ပွင့်လင်းမြင်သာမှုရှိစွာ စုံစမ်းစစ်ဆေးပေးရန် UNFC တောင်းဆို

KNPP တပ်ဖွဲ့ဝင်များ သေဆုံးမှုကို ပွင့်လင်းမြင်သာမှုရှိစွာ စုံစမ်းစစ်ဆေးပေးရန် UNFC တောင်းဆို

 

ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ။              ။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ တပ်ဖွဲ့ဝင် (၃) ဦး နှင့် အရပ်သား (၁)ဦး သေဆုံးမှုကို ပွင့်လင်းမြင်သာမှု ရှိသည့် စုံစမ်းစစ်ဆေးရေးနှင့် တရားမျှတမှု ပေါ်ပေါက်စေရန် အစိုးရနှင့် တပ်မတော်မှ အမြန်ဆုံးဖော်ဆောင်ပေးရန် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ တောင်းဆိုလိုက်သည်။

"လက်ရှိဖော်ဆောင်နေသော ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းကို နှောင့်နှေးကြန့်ကြာစေနိုင်ပြီး၊ နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးမှတဆင့် ရရှိထားသော ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်ပါသည် " ဟု  UNFC မှ ထုတ်ပြန်ထားသည့် တောင်းဆိုချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရှားတောမြို့မှ ပြန်လာသော တပ်မတော်၏ ရိက္ခာ ယာဉ်များကို KNPP ယာယီစစ်ဆေးရေးဂိတ်မှ တာဝန်ကျတပ်ဖွဲ့ဝင်များမှ သစ်များသယ်ဆောင်လာခြင်းရှိ၊ မရှိ စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် လွိုင်ကော်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)လက်အောက်ခံ ခလရ (၅၄)တပ်ဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်နေ့ ညပိုင်းတွင် KNPP ယာယီစစ်ဆေးရေးဂိတ်ကို ၀င်ရောက်စီးနင်းခဲ့ပြီး KNPP မှ တပ်ဖွဲ့ဝင် (၃) ဦးနှင့်အတူ အရပ်သား(၁)ဦးတို့ကို ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ကြောင်း UNFC ဘက်က ပြောဆိုသည်။

သို့သော်လည်း လွိုင်ကော်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်မှူးမျိုးမင်း က "အကြမ်းဖျင်းသိရတာတော့ သူပစ်ကိုယ်ပစ် ပစ်ကြတာခင်ဗျ။ ထိတွေ့မှုဖြစ်တယ်လို့ သိရပါတယ်" ဟု မဇ္စျိမသို့ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ဖြေဆိုထားသည်။

ယင်းဖြစ်စဉ်အတွင်း သေဆုံးခဲ့သည့် KNPP အဖွဲ့သားများကို တပ်မတော်မှ မီးသဂြိုလ်ထားပြီး အရိုးပြာအိုးများကို ဒီဇင်ဘာ ၂၁ ရက်နေ့တွင် KNPP အဖွဲ့၏ တာဝန်ရှိသူများကို ပြန်လည်ပေးအပ်ခဲ့သည်ဟု သိရသည်။

"ဤအဖြစ်အပျက်သည် ခိုင်မာမှုမရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်၏ ဆိုးကျိုးတရားလည်း ဖြစ်ပေသည်" ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ဆိုသည်။

ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP) သည် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ရေးထိုးရန် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှတစ်ဆင့် ကြိုးပမ်းနေသောအဖွဲ့လည်းဖြစ်ပြီး ယခင် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တွင်  ပြည်နယ်ဆင့်၊ ပြည်ထောင်စုအဆင့် နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုထားသည့် အဖွဲ့ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly