တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်က KIO/KIA ထံ နှစ်သစ်ကူးသဝဏ်လွှာ ပေးပို့

တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်က KIO/KIA ထံ နှစ်သစ်ကူးသဝဏ်လွှာ ပေးပို့
ဓာတ်ပုံ - သက်ကို

ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ။     ။  မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ဖြစ်ပွားနေသော် လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ထံ ဒီဇင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် နှစ်သစ်ကူးသဝဏ်လွှာ ပေးပို့ခဲ့သည်ဟု သိရသည်။

"ဟုတ်ပါတယ်၊ ခရစ်စမတ်နဲ့ နှစ်သစ်ကူး သဝဏ်လွှာပါ၊ KIA တင်မကပါဘူး NCA လက်မှတ်ထိုးပြီးသားတွေ ရော မထိုးရသေးတဲ့ အဖွဲ့တွေရော အကုန်ပို့ပေးတာပါ" ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

နှစ်သစ်ကူး သဝဏ်လွှာပေးပို့သည့် အဖွဲ့များထဲတွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ရက္ခိုင့်အဖွဲ့ (AA) နှင့် တအာဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) တို့လည်း ပါ၀င်သည်ဟု ဦးဇော်ဌေးက ပြောသည်။

ယင်းသို့ ပေးပို့သည့် နှစ်သစ်ကူးသဝဏ်လွှာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သည်ဟု ရေးသားထားပြီး အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက လက်မှတ်ရေးထိုးထားကာ "နှစ်သစ်တွင် ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်" ဟု ရေးသားထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်ေ်န့မှ စတင်၍ ယနေ့ထိ တနိုင်းဒေသ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ နေရာနှင့် မံစီမြို့နယ် တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နေရာများတွင် တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာ ၂၄ ရက်နေ့ ညတွင်လည်း KIO ဌာနချုပ် လိုင်ဇာတွင် လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး အသက် ၂၉ နှစ်အရွယ် ကျောင်းဆရာမ ဒေးလဖိုင်ကိုင််နန်၏ နောက်ကျော၊ ဂုတ်ပိုးတွင် မိုင်းဆံများ ထိမှန်၍ လက်ရှိ လိုင်ဇာ ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required