မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် စစ်ဖြစ်နေသည့် အနေအထား ဟုကြေညာပြီး စစ်တပ်များကို တပ်လှန့်ထား

မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် စစ်ဖြစ်နေသည့် အနေအထား ဟုကြေညာပြီး စစ်တပ်များကို တပ်လှန့်ထား

ဆိုးလ်၊ သြဂုတ်-၂၁ ။         ။ မြောက်နှင့်တောင်ကိုရီးယားနှစ်နိုင်ငံ နယ်စပ်အနီးတွင် အမြောက်များ အပြန်အလှန်ပစ်ခတ်ကြပြီးနောက် သြဂုတ်လ ၂၁ရက်နေ့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ရှေ့တန်းဧရိယာတွင် နှစ်နိုင်ငံ စစ်ဖြစ်နေသယောင် ကြေညာလိုက်ပြီး သူ၏စစ်တပ်ကိုလည်း တပ်လှန့်ထားလိုက်သည်။

ကိုရီးယားဗဟိုသတင်းအေဂျင်စီ၏ ပြောကြားချက်အရ မြောက်ကိုရီးယား ဗဟိုစစ်ကော်မရှင်၏ အရေးပေါ်အစည်းအဝေးအပြီးတွင် သြဂုတ်လ ၂၁ရက် ညနေ ၅နာရီမှစတင်၍ စစ်ဖြစ်နေချိန် အခြေအနေ အတွင်းသို့ ဝင်ရောက်သွားလိမ့်မည်ဖြစ်ကြောင်း မစ္စတာကင်က ရှေ့တန်းတပ်ဖွဲ့များကို ပြောကြားခဲ့သည်ဟု ဆိုသည်။

တင်းမာမှု မြင့်တက်နေခဲ့သည့် ၂၀၁၀နှင့် ၂၀၁၃ခုနှစ်များအပါအဝင် အတိတ်ကာလတုန်းကလည်း ပြုံယမ်းက အလားတူ စစ်အခြေအနေ ကြေညာခဲ့ဖူးသည်။ ၁၉၅၀ခုနှစ်များ၏ စစ်ပွဲကို အဆုံးသတ် သွားစေခဲ့သော်လည်း ငြိမ်းချမ်းရေးစာချုပ်အဆင့်သို့ ရောက်မလာနိုင်ခဲ့သည့် အပစ်အခတ်ရပ်ဆဲရေးသဘောတူညီမှုနောက်ပိုင်းတွင်လည်း မြောက်နှင့်တောင် ကိုရီးယားနှစ်နိုင်ငံမှာ သဘောတရားအားဖြင့် စစ်ဖြစ်နေသည့်အနေအထားတွင်သာ ရှိနေခဲ့သည်။

သြဂုတ်လ ၂၀ရက် အကြမ်းဖက်မှုမှာ မြောက်ကိုရီးယားက အနောက်ဘက်နယ်စပ်တစ်လျှောက်ရှိ တောင်ကိုရီးယား စစ်စခန်းများကို အမြောက်များဖြင့် ပစ်ခတ်ခြင်းဖြင့် စတင်ဖြစ်ပွားလာခဲ့ သည်။တောင်ကို ရီးယားဘက်ကလည်း ၁၅၅မမ အမြောက်ကြီးများဖြင့် မြောက်ကိုရီးယားဘက်သို့ တုန့်ပြန်ပစ်ခတ်ခဲ့သည်။.

နှစ်ဖက်စလုံးမှ ပစ်ခတ်သည့် အမြောက်ကျည်များမှာ ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသည့် ၄ကီလိုမီတာကျယ်သော စစ်မဲ့ဇုန်အတွင်းသာ ကျရောက်ပေါက်ကွဲသွားကြသောကြောင့် မည်သည့်ဘက်တွင်မျှ ပျက်စီးသေဆုံးသွားသည့်သတင်း မထွက်ပေါ်လာသေးချေ။

ယခုလအစောပိုင်းက နယ်စပ်အနီး ကိုရီးယားစစ်သားနှစ်ယောက်ကို ဒဏ်ရာရရှိသွားစေခဲ့သည့် မြေမြှုပ်မိုင်းများကို ပြုံယမ်းက ထောင်ထားခဲ့သည်ဟု ဆိုးလ်က စွပ်စွဲပြီးနောက်တွင် မြောက်နှင့်တောင် ဆက်ဆံရေးမှာ အထူး တင်းမာလာခဲ့ပြီး ဆိုးလ်က နယ်စပ်အနီးတွင် မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်ချက်ကို အသံချဲ့စက်များဖြင့် ထုတ်လွှတ်ခြင်းဖြင့် လက်တုံ့ပြန်ခဲ့သည်။

မြောက်ကိုရီးယားဘက်ကလည်း ဆိုးလ်အနေဖြင့် အသံလွှင့်မှုကို ၄၈နာရီအတွင်း မရပ်တန့်ပါက စစ်ရေးအရ အရေးယူသွားမည်ဟု သြဂုတ်လ ၂၀ရက်နေ့က သတိပေးခဲ့သော်လည်းတောင်ကိုရီးယား အရာရှိများကမူ အသံလွှင့်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

တောင်ကိုရီးယားဘက်ကလည်း ရုတ်တရက် တိုက်ခိုက်ကျူးကျော်ခံရနိုင်သည့် အန္တရာယ်ကို ညွှန်ပြသည့် ဂျင်ဒိုကေး၁ဟု ခေါ်သော ကာကွယ်ရေးအမြင့်ဆုံးအဆင့်အထိ ၎င်း၏ စစ်တပ်ကို အသင့်နိုးကြားနေစေရန် တပ်လှန့်နှိုးဆော်ထားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required