ခရစ္စမတ်အကြိုည KIA ဌာနချုပ် လိုင်ဇာတွင် လက်နက်ကြီး ၄ ကြိမ်ကျပြီး ကျောင်းဆရာမတစ်ဦး မိုင်းဆံ ထိမှန်

ခရစ္စမတ်အကြိုည KIA ဌာနချုပ် လိုင်ဇာတွင် လက်နက်ကြီး ၄ ကြိမ်ကျပြီး ကျောင်းဆရာမတစ်ဦး မိုင်းဆံ ထိမှန်
ဆရာမ ဒဏ်ရာ ဆေးကုသမှု ခံယူနေပုံ။ ဓာတ်ပုံ-Gum Ja Naw lahpai FB 

ချင်းမိုင်၊ ဒီဇင်ဘာလ ၂၅ ။        ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့တွင်း လက်နက်ကြီး ၄ ကြိမ် ပစ်ခတ်ခံရသဖြင့် လမ်းပေါ်ရှိ ကျောင်းဆရာမ တစ်ဦး မိုင်းဆံ ထိမှန်၍ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ခရစ်မတ်အကြိုည ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၉ နာရီခွဲချိန်တွင် လိုင်ဇာမြို့၏ မြောက်ဘက် ဝေကြိုင် ရပ်ကွက်တွင် ကားလမ်းဘေးတွင် လက်နက်ကြီး ကျရောက်ခဲ့သဖြင့် လမ်းလျှောက်နေသော အသက် ၂၉ နှစ်အရွယ် ကျောင်းဆရာမ ဒေးလဖိုင်ကိုင််နန်၏ နောက်ကျော၊ ဂုတ်ပိုးတွင် မိုင်းဆံများ ထိမှန်၍ လက်ရှိ လိုင်ဇာ ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“မနေ့ည ၉ နာရီဝန်းကျင်လောက်မှာလိုင်ဇာ ရပ်ကွက် ၁ ဘက်မှ လက်နက်ကြီး ၄ လုံးလောက်ကျတယ်။ လမ်းလျှောက်နေတဲ့ ကျောင်းဆရာမ တစ်ယောက်က မိုင်းစထိလို့ ဒဏ်ရာနည်းနည်းရတယ်။ လက်နက်ကြီး ကတော့ ခရာဘွမ်၊ ဘွမ်ရယ်တောင်ဘက် တပ်မတော်ရဲ့ တပ်စခန်းချထားတယ်ဆိုတော့ အဲဒီဘက်ကနေ ကျလာတယ်လို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်”ဟု ဒုဗိုလ်မှူးကြီးက မဇ္စျိမကို ပြောသည်။

အဆိုပါ ဆရာမ သည် မိုင်းဆံ ထိခိုက်မှုကြောင့် အာရုံကြော အနည်းငယ် ထိခိုက်သွားကြောင်း သိရသည်။

“လက်နက်ကြီးက လမ်းမဘေးမှာကျတာ။ လက်နက်အားလုံးက အဲဒီအနီးတဝိုက်မှာပဲ ကျတယ်။ ဆရာမက လည်ပင်းဂုတ်နားမှာ ထိတယ်ဆိုတော့ အာရုံကြောတော့ နည်းနည်းတော့ ထိခိုက်သွားတယ်။ ဒီနေ့မနက်တော့ ထပ်ပစ်ခတ်တာ မရှိတော့ တိုက်ပွဲ မဖြစ်ဘူး။ သူတို့ ရမ်းပစ်တာလောက်ပဲ ရှိပါတယ်”ဟု သူက ဆက်ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ကျရောက်သော ခရစ္စမတ်နေ့ အထိမ်းအမှတ်အဖြစ် ဆုတောင်းပွဲများ ကျင်းပရန် ပြင်ဆင်နေချိန်တွင် လက်နက်ကြီး ကျရောက်ခဲ့သဖြင့် ဝေကြိုင်ရပ်ကွက်ရှိ ဒုက္ခသည်စခန်းမှ စစ်ပြေးဒုက္ခသည် များ က ကြောက်လန့်၍ တရုတ်နယ်စပ်ရှိ လိုင်ဇာချောင်းနဘေးသို့ ထွက်ပြေး ပုန်းရှောင်ခဲ့ရသည်ဟု သူက ပြောသည်။

 

ခရစ္စမတ်နေ့ အထိမ်းအမှတ် အခမ်းအနား ဆုတောင်းပွဲများ ကျင်းပနေကြသော်လည်း လိုင်ဇာမြို့ပေါ်ရှိ ပြည်သူများက စိုးရိမ်မှုများဖြင့် ပွဲ ကျင်းပနေကြရကြောင်း ကြားသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်ေ်န့မှ စတင်၍ ယနေ့ထိ တနိုင်းဒေသ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ နေရာနှင့် မံစီမြို့နယ် တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နေရာများတွင် တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း အစိုးရဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးရန် တစ်စုံတစ်ရာ ပြောဆိုလာခြင်း မရှိသေးဘဲ တိုက်ပွဲ ဆက်လက် ပြင်းထန်လာမည့် အခြေအနေတွင် ရှိနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required