မူဆယ် ၁၀၅ မိုင် အနီး လက်နက်ကြီးကျည်ပေါက်ကွဲမှု TNLA အဖွဲ့မှ ပစ်ခတ်ခြင်းမဟုတ်ကြောင်း ငြင်းဆို

မူဆယ် ၁၀၅ မိုင် အနီး လက်နက်ကြီးကျည်ပေါက်ကွဲမှု TNLA အဖွဲ့မှ ပစ်ခတ်ခြင်းမဟုတ်ကြောင်း ငြင်းဆို
 ဒဏ်ရာရလူနာများအား လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသပေးနေစဉ်။ ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန် ၊ ဒီဇင်ဘာ ၂၅ ။         ။ မူဆယ် ၁၀၅ မိုင် မိုင်းယုကျေးရွာအနီး၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်စဉ်တွင် အဆိုပါ လက်နက်ကြီးကို မိမိတို့ အဖွဲ့မှ ပစ်ခတ်ခဲ့ခြင်းမဟုတ်ကြောင်း TNLA အဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က မဇ္စျိမသို့ အတည်ပြု ပြောဆိုသည်။

"ကျွန်တော်တို့ ပစ်တာတော့မဟုတ်ဘူး။ တပ်ဘက်က ဒီလိုပဲ အမြဲပြောနေတာပါပဲ။ ဘယ်ကပစ်တာလဲ ဆိုတာ ဒေသခံတွေ သိပါတယ်" ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

ဒီဇင်ဘာ ၂၃ ရက် ညပိုင်းတွင် မူဆယ် ၁၀၅ မိုင်အနီး မိုင်းယုကျေးရွာ၌ လက်နက်ကြီးကျည် ကျရောက်သော ကြောင့် (၁၂) နှစ်အရွယ် ကလေးတစ်ဦးလက်နက်ကြီးအစ ထိမှန်ဒဏ်ရာများဖြင့် နေရာတွင်သေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်နက်ကြီးကျည် ကျရောက်မှုတွင် ခါးအောက်ပိုင်းဒဏ်ရာရရှိခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဆေးကုသ နေသည့် ကလေးငယ်မှာ ခြေထောက်တစ်ဖက်ဖြတ်လိုက်ရပြီး လူကြီးတစ်ဦးမှာ ဆေးကုသနေရဆဲ ဖြစ်သည်ဟု မူဆယ် ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး ဒုခရိုင်ထွေအုပ် ဦးစန်းလှိုင်က မဇ္စျိမသို့ ပြောဆိုထားသည်။

အဆိုပါလက်နက်ကြီးမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် သွားလာ နေသည့်မော်တော်ယာဉ်များအား KIA/TNLA ပူးပေါင်းအဖွဲ့မှ ပစ်ခတ်ခြင်းဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ ထုတ်ပြန်ထားသည်။

အလားတူ ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့် တွင်လည်း KIA/TNLA ပူးပေါင်းအဖွဲ့မှ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ မူဆယ်မြို့နယ်၊ နမ့်ဖက်ကာ ကျေးရွာအနီးတစ်ဝိုက်၊ နမ့်ခိုင်တံတား နေရာတို့အား လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခဲ့သည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required