ဓားထိုးခံရသည့် ရခိုင်ဆောင်းပါးရှင် ဆေးရုံမှဆင်း၊ လုံခြုံရေးအရ ပုန်းအောင်းနေရဟု ဆို

ဓားထိုးခံရသည့် ရခိုင်ဆောင်းပါးရှင် ဆေးရုံမှဆင်း၊ လုံခြုံရေးအရ ပုန်းအောင်းနေရဟု ဆို

စစ်တွေ၊ ဒီဇင်ဘာ ၂၅ ရက်။            ။ အသက်လုပ်ကြံခံခဲ့ရသည့် ရခိုင်ဆောင်းပါးရှင် ကိုကျော်လင်းမှာ ဒဏ်ရာမှ သက်သာလာသောကြောင့် ဆေးရုံမှ ဆင်းလာခဲ့ရသော်လည်း လုံခြုံရေး အာမခံချက် မရှိသောကြောင့် တိမ်းရှောင်ပုန်းအောင်းနေရသည်ဟု ၎င်းက ဆိုသည်။

“လုပ်ကြံသူတွေကတော့ ကျွန်တော်သွားလာတဲ့ အိမ်လမ်းကြောင်းတွေကို သိနေတယ်။ ရဲကလည်း အခုချိန်ထိ ဖမ်းမမိသေး။ သူတို့က ထပ်ပြီး စောင့်ကြည့်နေဟန် ရှိတယ်။ ဒါကြောင့် ကျွန်တော်က စိုးရိမ်တာထက် သတိထားတဲ့အနေနှင့် တခြားနေရာတစ်ခုမှာ တိမ်းရှောင်နေတဲ့ သဘောပါ။” ဟု လုပ်ကြံခံခဲ့ရသော ဆောင်းပါးရှင် ကိုကျော်လင်းက RiA သို့ ပြောသည်။

ကိုကျော်လင်းမှာ ဒီဇင်ဘာ ၂၀ ရက်နေ့က စစ်တွေမြို့ ဝေသာလီရင်ပြင်ရှေ့တွင် အမည်မသိ ဆိုင်ကယ်စီးသမား ၂ ဦး၏ ဓါးစူးချွန်ဖြင့် အလစ်ထိုးသွင်းခံခဲ့ရပြီး ၄ ရက်ကြာ စစ်တွေဆေးရုံတွင် ကုသခံယူခဲ့ရကာ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဆေးရုံမှ ဆင်းလာခဲ့ခြင်း ဖြစ်သည်။

လုပ်ကြံတိုက်ခိုက်သူများအား ယခုတိုင် ရှာဖွေစုံစမ်းနေဆဲဖြစ်သော်လည်း သဲလွန်စကိုပင် မရရှိသေးဟု အဆိုပါ အမှုကို လက်ခံဖွင့်ထားသည့် စစ်တွေမြို့၊ မင်းဂံရဲစခန်းမှ သိရသည်။

“သူတို့ ပြောပြတဲ့ ပုံသဏ္ဍာန်တွေကိုလိုက်ပြီး စုံစမ်းနေပါတယ်။ သူတို့ကလည်း လုပ်ကြံတဲ့သူကို အတိကျမသိ၊ မပြောနိုင်ဆိုတော့ ဖမ်းဆီးဖို့အတွက် နည်းနည်းအခက်ခဲရှိနေတယ်။ အစွမ်းကုန်တော့ ကြိုးစားနေပါတယ်။ နောက်ပြီး ကျော်လင်းကိုလည်း ကျန်းမာရေးအခြေနေ မကောင်းသေးတဲ့အတွက် အသေးစိတ် မေးမြန်းတာတွေ မလုပ်ရသေးဘူး။ သူ့ကို မေးမြန်းပြီးရင်တော့ ကျွန်တော်တို့ မျှော်လင့်ချက် တစ်ခုလောက်တော့ ရလာနိုင်မှာပါ။” ဟု မင်းဂံရဲစခန်းမှူး ရဲအုပ်ထွန်းရွှေက ပြောသည်။

ကိုကျော်လင်းသည် ဒီဗွီဗီ သတင်းဌာနတွင် ဝေဖန်ရေးဆောင်းပါးများ ရေးသားနေသူ တစ်ဦးဖြစ်သလို၊ ဒေသတွင်း မဂ္ဂဇင်း၊ သတင်းဂျာနယ်များတွင်လည်း အလွတ်တန်းဆောင်းပါးများ ရေးသားလျက်ရှိပြီး ရိုးမတိုင်းမ်မဂ္ဂဇင်းကို တည်ထောင်သူနှင့် အယ်ဒီတာချူပ်အဖြစ် တာဝန်ယူထားလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required