လိပ်ကျွန်းအမှု သေဒဏ်အယူခံအပေါ် ထိုင်းအစိုးရ ရှေ့နေဘက်မှ လျှောက်လဲချက် မတင်နိုင်သေး

လိပ်ကျွန်းအမှု သေဒဏ်အယူခံအပေါ် ထိုင်းအစိုးရ ရှေ့နေဘက်မှ လျှောက်လဲချက် မတင်နိုင်သေး
ဓာတ်ပုံ-AFP

ချင်းမိုင်၊ ဒီဇင်ဘာလ ၂၅ ။          ။ ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုဖြင့် သေဒဏ် ချမှတ်ခံရသော မြန်မာနိုင်ငံသား ၂ ဦး၏ နောက်ဆုံးအယူခံအတွက် ထိုင်းအစိုးရ ရှေ့နေဘက်မှ လျှောက်လဲချက် မတင်နိုင်သေး ဘဲ တစ်လ ထပ်မံ ရက်ချိန်းတောင်းဆိုထားသည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က လျှောက်လဲချက်ပေးရန် အဆင်သင့် မဖြစ်သေးသဖြင့် လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ထိ ရက်ထပ်တိုး တောင်းဆိုထားခြင်း ဖြစ်သည်ဟု လိပ်ကျွန်းအမှုတွင် ကူညီပေး နေသော ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“ပြီးခဲ့တဲ့ ရက်ချိန်း ၂၂ ရက်က သူတို့ဘက်မှ အယူခံ လျှောက်လဲချက်တင်ဖို့အတွက်ကို ထိုင်းအစိုးရရှေ့နေဘက် က မတင်နိုင်လို့ ရက်ချိန်းတစ်လ ပြန်တိုးချိန်းပါတယ်။ ၂၃ ရက် တစ်လ ၂၀၁၈ ခုနှစ်အထိပါ။ အဲဒီနေ့မှ အစိုးရ ရှေ့နေက လျှောက်လဲချက်တင်မှာ”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ဗြိတိန်နိုင်ငံသား ဟာနာနှင့် ဒေးဗစ်တို့ သတ်ဖြတ်ခံရမှုဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ် ချမှတ်ခံရပြီးနောက် တရားခံ မြန်မာနိုင်ငံသား   မောင်ဇော်လင်းနှင့်   မောင်ဝင်းဇော်ထွန်းတို့၏ ရှေ့နေများက ဒုတိယအကြိမ်အဖြစ် နောက်ဆုံးအယူခံကို သြဂုတ်လ ၂၁ ရက်နေ့က ကော်စမွေ တရားရုံးမှတဆင့် ထိုင်း ဗဟိုတရားရုံးချုပ်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နောက်ဆုံးအယူခံ အပေါ် ထိုင်းအစိုးရ ရှေ့နေများဘက်မှ အောက်တိုဘာလ ၂၂ ရက်နေ့တွင် လျှောက်လဲချက် တင်သွင်းရမည် ဖြစ်သော်လည်း အဆင်သင့် မဖြစ်သေးသဖြင့် အချိန် ၃ လ ကြာသည်အထိ ချေပ လျှောက်လဲချက် တင်သွင်းနိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်။

ထိုင်းအစိုးရရှေနေဘက်မှ အယူခံအပေါ် ချေပချက် မတင်နိုင်ပါက ယခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း အမိန့်ချမှတ်နိုင်သည်ဟု တရားခံ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ ရှေ့နေများက ခန့်မှန်းထားကြသည်။

အဆိုပါ မြန်မာ နှစ်ဦးကို ၂၀၁၄ ခုနှစ် စက်တင်ဘာလက လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား အသက် ၂၃ နှစ် ဟာနာဝစ်သာရစ်နှင့် အသက် ၂၄ နှစ် ဒေးဗစ်မေလ တို့ အသတ်ခံရသဖြင့် လူသတ်မှု အပါအဝင် ရ မှုဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ် အမိန့် ချမှတ်ခံခဲ့ရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ် ချမှတ်ခံရမှု ၂ နှစ် ပြည့်ပြီ ဖြစ်ပြီး ၄င်းပြစ်ဒဏ်အပေါ် နောက်ဆုံး အယူခံ တင်သွင်းမှု ထိုင်းအစိုးရဘက်မှ ချေပချက် တင်သွင်းနိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required