အမျိုးသားအဆင့် အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲသို့ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းမှ စာတမ်း ၂ စောင် တင်သွင်းမည်

အမျိုးသားအဆင့် အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲသို့ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းမှ စာတမ်း ၂ စောင် တင်သွင်းမည်

သထုံ၊ ဒီဇင်ဘာ၊ ၂၅ ။           ။ လာမည့် ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်တို့တွင် နေပြည်တော်၌ ပြုလုပ်မည့် အမျိုးသားအဆင့် အကြောင်းအရာ အလိုက် နိုင်ငံရေးဆွေးနွေးပွဲသို့ မွန်ပြည်နယ် အရပ်ဖက်အခြေပြု လူမှုအဖွဲ့အစည်းမှ စာတမ်း(၂)စောင် တင်သွင်းမည်ဟု သိရသည်။

အဆိုပါ စာတမ်း ၂ စောင်သည် မွန်ပြည်နယ် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏  ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး သဘောထားအမြင် မူဝါဒစာတမ်း၊ ဖယ်ဒရယ်မူဝါဒ စာတမ်းများ ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁၊ ၁၂၊ ၁၃ ရက်တို့တွင် မော်လမြိုင် ရာမညဟိုတယ်၌ ဒုတိယအကြိမ်ကျင်းပခဲ့သည့် အမျိုးသားအဆင့် အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲ အကြို မွန်ပြည်နယ်အရပ်ဖက်လူမှုအဖွဲ့အစည်း များ ငြိမ်းချမ်းရေးဖိုရမ်မှ ထွက်ရှိသော စာတမ်း ၂ စောင် ဟု ဖိုရမ် ကျင်းပရေးကော်မတီ ဒုခေါင်းဆောင် ဒေါ်ခိုင်ခိုင်လဲ့မြင့်ထံက သိရသည်။

"စာတမ်း ၂ စောင်ကတော့ မွန်ပြည်နယ် အရပ်ဖက် လူမှုအဖွဲ့အစည်းများရဲ့ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး သဘောထားအမြင် မူဝါဒစာတမ်းရယ်၊ ဖယ်ဒရယ်မူဝါဒ စာတမ်းတွေရယ်ပါ။ ကျွန်မ ကတော့ ဒီစာတမ်း ၂ စောင်ကို အားရတယ်။ ကျေနပ်တယ်။ မွန်ပြည်နယ် CSO တွေက ဆွေးနွေးမှု အားကောင်းကြတယ်။ စာတမ်းကောင်းဖြစ်အောင် ကောင်းကောင်းဆွေးနွေးနိုင်ကြတယ်"ဟု ဖိုရမ် ကျင်းပရေး ကော်မတီမှ ဒေါ်ခိုင်ခိုင်လဲ့မြင့်က ပြောသည်။

ယင်းစာတမ်း ၂ စောင်၌  ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေး စာတမ်းတွင် မူးယစ်ဆေးဝါး ဆိုင်ရာ ပြန်လည်ထူထောင်ရေး၊ စီမံကိန်းကြောင့် မြေ/ယာသိမ်းခံများအား ပြန်လည် နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ IDP နှင့် Refugees ဆိုင်ရာ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊
သဘာဝဘေးကြောင့် ထိခိုက်နစ်နာသူများအား ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊
ရွှေ့ပြောင်းလုပ်သားများအား ပြန်လည်နေရာ ချထားရေးနှင့် ပြန်လည်ထူထောင်ရေး ခေါင်းစဉ်များဖြင့် လည်းကောင်း၊ ဖယ်ဒရယ်မူဝါဒစာတမ်းများတွင် မိမိတို့ဖြစ်စေလိုသည့် ဖယ်ဒရယ်ပုံစံအား ဆွေးနွေးစေမှုဖြင့် လည်းကောင်း ဆွေးနွေးကြရာမှ ထွက်ရှိလာသောစာတမ်းဟု သိရသည်။

အဆိုပါ စာတမ်း ၂ စောင်အတွက် မွန်ပြည်နယ် အရပ်ဖက်အခြေပြု လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေးကော်မတီမှ ဦးစီး၍ မွန်ပြည်နယ်  ၁၀ မြို့နယ်ရှိ အရပ်ဖက်အခြေပြု လူမှုခြေပြုအဖွဲ့အစည်း ၁၈၀ ကျော်တို့ဖြင့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly