မြန်မာအပေါ် ကုလအပြစ်ရှာဝေဖန်မှု တရုတ်နှင့် ရုရှတို့ ဆန့်ကျင်ကန့်ကွက်

မြန်မာအပေါ် ကုလအပြစ်ရှာဝေဖန်မှု တရုတ်နှင့် ရုရှတို့ ဆန့်ကျင်ကန့်ကွက်
Photo-AFP

ဒီဇင်ဘာ ၂၅ ။           ။ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တစ်ခုကို ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ထဲမှာတော့ မြန်မာနိုင်ငံမှာ မွတ်ဆလင် ဘင်္ဂါလီ (ရိုဟင်ဂျာ) တို့အပေါ် စစ်တပ်ရဲ့ စစ်ဆင်ရေး ရှင်းလင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းဖို့၊ ကုလ အထူးသံတမန်တစ်ဦး ခန့်အပ်ဖို့ တိုက်တွန်းတောင်းဆိုချက်တွေ ပါ၀င်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကုလသမဂ္ဂရဲ့ အဆိုပါ မြန်မာ့အရေး ဆုံးဖြတ်ချက်အပေါ်မှာတော့ တရုတ်၊ ရုရှ တို့အပါအဝင် ဒေသတွင်းနိုင်ငံတစ်ချို့က ကန့်ကွက်ဆန့်ကျင်ခဲ့ကြပါတယ်။

ယမန်နေ့က ကျင်းပခဲ့တဲ့ အထွေထွေညီလာခံအစည်းအဝေးမှာတော့ OIC အစ္စလမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က တင်သွင်းခဲ့တဲ့ အဆိုပြု ဆုံးဖြတ်ချက်တစ်ခုကို ထောက်ခံမဲ ၁၂၂ မဲ၊ ကန့်ကွက်မဲ ၁၀ မဲ၊ ကြားနေ ၂၄ မဲတို့နဲ့အတည်ပြုခဲ့တာဖြစ်ပါတယ်။

တရုတ်၊ ရုရှ၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကတော့ မြန်မာနဲ့အတူ ယင်းဆုံးဖြတ်ချက်အပေါ်မှာ ကန့်ကွက်မဲပေး ရပ်တည်ခဲ့ကြပါတယ်။ ဒါ့အပြင် ဘယ်လာရုစ်၊ ဆီးရီးယားနဲ့ ဇင်ဘာဘွေတို့ကလည်း ယင်းအတိုင်း ကန့်ကွက်မဲပေးခဲ့ကြပါတယ်။

ယင်း ကုလ ဆုံးဖြတ်ချက်ထဲမှာတော့ မြန်မာနိုင်ငံတွင်းကို အကူအညီပေးရေး လုပ်သားတွေ ၀င်ခွင့်ပြုဖို့၊ ဒုက္ခသည်အားလုံးကို နေရပ် ပြန်သွားစေနိုင်ဖို့၊ ဘင်္ဂါလီ (ရိုဟင်ဂျာ) တွေကို နိုင်ငံသားဖြစ်ခွင့် အပြည့်အဝ ပေးဖို့ စတဲ့ အချက်တွေ ပါ၀င်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ကုလ အထွေထွေအတွင်းရေးမှူးချုပ်ကိုလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦး ခန့်အပ်ဖို့ကိုလည်း တောင်းဆိုထားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly