မောင်တောအပါအဝင်ရခိုင်ပြည်နယ်၏ မြို့နယ် ၃ ခုတွင် CCTV တပ်ဆင်မည်

မောင်တောအပါအဝင်ရခိုင်ပြည်နယ်၏ မြို့နယ် ၃ ခုတွင် CCTV တပ်ဆင်မည်
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုး (ဓာတ်ပုံ - RiA)

စစ်တွေ၊ ဒီဇင်ဘာ ၂၃ ရက်။              ။ ရခိုင်ပြည်နယ်၏ မြို့နယ် ၃ ခုအတွင်း အများပြည်သူပိုင် အဆောက်အဦများနှင့် လူစည်ကားရာအရပ်များတွင် လုံခြုံရေး စောင့်ကြည့်ကင်မရာ (CCTV) များ တပ်ဆင်သွားမည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုးက  ပြောသည်။

“ ကင်မရာတပ်ဆင်ဖို့ အစိုးရအဖွဲ့ကိုတော့ ကျွန်တော်တို့က တင်ပြထားပြီးပါပြီ။ စစ်တွေမှာ တပ်ဆင်မယ့်နေရာ ၁၅ ခုလောက်ကိုလည်း အကြမ်းအားဖြင့် လျာထားချက် ချထားပြီးပါပြီ။”ဟု ဆိုသည်။

CCTV များ တပ်ဆင်မှုအတွက် အကြမ်းဖျင်းအားဖြင့် ဘတ်ဂျက်ကို လျာထားချက် တွက်ချထားပြီး ဖြစ်သလို၊ ပြည်နယ် အစိုးရအဖွဲ့က ခွင့်ပြုမှုပေါ် မူတည်၍ တပ်ဆင်သွားမည်ဖြစ်ကြောင်း ရဲမှူးကြီး၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ တပ်ဆင်ရာတွင် စစ်တွေမြို့၏ နေရာ ၁၅ ခုထက်မနည်းကို ကင်မရာ တပ်ဆင်မည်ဖြစ်ပြီး ပြည်နယ်အတွင်း  ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင်ပါ တပ်ဆင်သွားမည် ဖြစ်သည်။

ရခိုင်ပြည်နယ်၏ အုပ်ချူပ်ရေးမြို့တော်စစ်တွေတွင် လုပ်ကြံသတ်ဖြတ်မှုများ မြင့်တက်လာနေပြီး စုံစမ်းဖော်ထုတ်မှုများ မပြုလုပ်နိုင်သလို အမှုကွင်းဆက်များကိုလည်း ရှာရန် ခက်ခဲနေရာ အဆိုပါ ကင်မရာများ တပ်ဆင်ထားရှိမည်ဆိုပါက ပြစ်မှုကျူးလွန်သူများကို ရှာဖွေဖော်ထုတ်ရာတွင် ပိုမိုအထောက်အကူပြုလာမည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က ဆိုသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း ရခိုင်စာနယ်ဇင်းသမားတစ်ဦးကို အမည်မသိ ဆိုင်ကယ်စီးသမား ၂ ဦးက သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ပြီး တရားခံမှာ ထွက်ပြေးလွတ်မြောက်လျက်ရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် သတင်းထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံး၏ တရားခံပြေးလွတ်မြောက်မှုအဆင့် သတ်မှတ်ချက် စတုတ္ထအဆင့်တွင် ရှိနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly